ဧရာ၀တီတိုင်းမ်
ဧပြီလ ၅ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ဝေါလေ ရှေ့တန်းစခန်း ဗျူဟာကုန်းကို ကရင့် အမျိုးသားကာကါယ်ရေးတပ် – KNDO တပ်ရင်း (၈) နှင့် Federal Wings တို့ ပူးပေါင်း၍ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

တော်လှန်ရေးအင်အားစုများ၏ ဒရုန်းဖြင့် ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဝေါလေဗျူဟာကုန်း၌ အထိုင်ချကာ
ကျေးရွာများသို့ မကြာခဏ ပစ်ခတ်နေသည့် ၁၂၂ မမ ဟောင်ဝစ်ဇာအမြှောက် ထိခိုက်ပျက်စီးခဲ့သလို စခန်း၏ ရိက္ခာ ဂိုထောင်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း KNDO တပ်ရင်း (၈) ထံမှ သိရသည်။

“ဝေါလေဗျူဟာကုန်းကို ဒီတကြိမ်မှာ အထိနာအောင်ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တာက ကျွန်တော့်အထင် သမိုင်းတလျှောက် နှစ်ပေါင်း ၇၀ အတွင်းမှာ အပြင်းထန်ဆုံးဖြစ်မယ်လို့ ထင်မိတယ်။ ဘာလို့ဆိုတော့ သူတို့ (စစ်ကောင်စီ) အထိုင်ချထားတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာအမြှောက် ပျက်စီးသွားတာက သူတို့အတွက် တော်တော်လေး ရှော့ခ်ဖြစ်သွားတယ်”ဟု ဒရုန်းစစ်ဆင်ရေးကို ဦးဆောင်ခဲ့သူ KNDO တပ်ရင်း (၈) မှ အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ဝေါလေတပ်စခန်း ထိခိုက်ပျက်စီးမှုအခြေအနေနှင့်ပတ်သတ်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသလို ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ အတည်ပြုနိုင်ရေး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ ဝေါလေဗျူဟာကုန်းတွင် စစ်ကောင်စီ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် (၂) နည်းဗျူဟာ တပ်ဖွဲ့ဝင်များ အထိုင်ချပြီး ၁၂၂ မမ ဟောင်ဝစ်ဇာအမြှောက်ဖြင့် မြ၀တီမြို့နယ် အတွင်းရှိကျေးရွာများကို မကြာခဏ ပစ်ခတ်နေသဖြင့် ဒေသခံများ ထိမှန်ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၁၂၂ မမ အမြှောက် ပျက်စီးသွားတဲ့ကိစ္စက သူတို့ (စစ်ကောင်စီ) ဘက်မှာ တော်တော် ပွက်လောရိုက်နေတယ်။ အဲ့ကိစ္စကို ဗျူဟာမှူးက ရတခ(အရှေ့တောင်တိုင်းစစ်ဌာန) ကို သွားပြီး ဖြေရှင်းနေရတယ်လို့ သိရတယ်”ဟု KNDO တပ်ရင်း (၈) မှ ကရင့်တပ်မတော်အရာရှိက ဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူစသည့်ဒေသများတွင် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစသ်ည်။

ဓာတ်ပုံ – Federal W’ngs