နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ) /ဧပြီလ၅ရက်
ကရင်ပြည်နယ် ၊ မြဝတီမြို့နှင့် သင်္ဃန်းညီနောင် ဘက်သို့သွားသည့် အာရှလမ်းမကြီးပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေတိုက်ပွဲများ ဖြစ်ပွားနေ၍ ယမန်နေ့ ဧပြီ ၄ ရက်နေ့မှစတင်ကာ အာရှလမ်းမကြီးကို ယာယီ ပိတ်ပင်ထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ဧပြီ ၃ရက်နေ့တွင် လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခြင်း၊ တာဝေးပစ် လက်နက်ကြီးများနှင့် ရမ်းသန်း ပစ်ခတ်ခြင်းများ ပြုလုပ်နေပြီး အာရှလမ်းပိုင်းအချို့ပျက်စီးခြင်းများရှိကာ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားလျှက်ရှိ ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
“စစ်ကောင်စီတပ်တွေက အာရှလမ်းမကြီးကိုအသုံးပြုပြီး အင်အားအလုံးအရင်း စစ်ကူတွေ တတ်လာနေတယ်။ နောက်ခရီးသွားပြည်သူတွေလို ဟန်ဆောင်ပြီး အိမ်စီး ကားတွေနဲ့လည်း အရပ်သားပုံစံအသွင်ယူ လှုပ်ရှားမှုတွေလုပ်နေတယ်။ ခရီးသွား ပြည်သူတွေ ထိခိုက်နစ်နာလာနိုင်လို့ မနေ့ကစပြီး ယာယီပိတ်ထားလိုက်တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
KNLA ၊ KTLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ကရင်ပြည်နယ် တောင်ပိုင်းဒေသရှိ စစ်ကောင်စီတပ်များ ခြေကုတ်ယူထားသည် စခန်းများကို မတ်လ နောက်ဆုံးပတ်မှ စတင်၍ တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်နေပြီး ထိတွေ့တိုက်ပွဲများ ပြင်းထန်လျှက် ရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် သင်္ယန်းညီနောင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အချို့နှင့် သင်္ဃန်းညီနောင် ရဲစခန်းမှူးကို အရှင်ဖမ်းဆီးရမိကာ စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယခုဧပြီလဆန်းပိုင်းမှ စတင်ကာ လေကြောင်းအသုံးပြု၍ တိုက်ခိုက်ခြင်း၊ တာဝေးပစ် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခက်ခြင်းများ ဆက်တိုက်ပြုလုပ်နေ၍ ကရင် ပြည်နယ် တောင်ပိုင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရသည်။
#ကရင်ပြည်နယ်တောင်ပိုင်း #မြ၀တီအာရှလမ်း #သင်္ဃန်းညီနောင် #ယာယီပိတ်ပင် #တိုက်ပွဲဖြစ်ပွား #ဒေသခံများ #ထွက်ပြေး #Ayeyarwaddy_Times