ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်မှာ ပျူစောထီး နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဒေသခံ ၄ ဦးကို မတ်လ ၂၈ ရက်နေ့က ရိုက်နှက် ဖမ်းဆီးပြီး ငွေကျပ် ၄ သိန်းနဲ့ ပြန်ရွေးယူခိုင်းကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ရိုက်နှက် ဖမ်းဆီးခံရတဲ့ ကိုခင်မောင်လွင်နဲ့ ကိုမိုးကျော် ဆိုသူတို့ဟာ မော်လိုက်လေး ကျေးရွာက ဖြစ်ပြီး ကိုမြင့်နိုင်နဲ့ ကိုဝင်းနှောင်း တို့ကတော့ နားပင်ရွာသားတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
အဲ့ဒီ ဒေသခံ ၄ ဦးဟာ လယ်ကွင်းထဲမှာ စကား ကျယ်လောင်စွာပြောလို့ ဆိုပြီး ကင်းပုန်းဝပ်နေတဲ့ နားပင်ရွာက ပျူစောထီး တွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့က ရိုက်နှက် ဖမ်းဆီးသွားခြင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တစ်ဦးက“ကိုခင်မောင်လွင်ရဲ့ လယ်ထဲက တဲကုန်းမှာ စကားတွေ စုပြီးပြောကြတာပါ။ အဲ့ဒါကို ဘာမှမဆိုင်ဘဲ စကားပြောတာ အသံကျယ်ပြီး ဆူညံတယ်ဆိုပြီး အနားမှာ ကင်းပုန်းဝပ်နေတဲ့ ပျူတွေနဲ့ အုပ်ကြီးက ရိုက်နှက် ဖမ်းခေါ် သွားတာပါ။ ဟိုရောက်တော့ ထိပ်တုံးခတ် ရိုက်ကြတာ၊ ကျောကုန်းတွေ အရေခွံတောင် ကွာတယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။
လက်ရှိမှာ ကိုခင်မောင်လွင်၊ ကိုမိုးကျော်၊ ကိုမြင့်နိုင်နဲ့ ကိုဝင်းနှောင်း တို့ ၄ ဦးကို ငွေကျပ် ၄ သိန်းနဲ့ ပြန်လည် ရွေးယူခဲ့ရပြီး နားပင်ရွာက ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတို့ရဲ့ ရန်ကိုကြောက်လို့ ၎င်းတို့ ၄ ဦးဟာ ရွာကို စွန့်ခွာထွက်ပြေး တိမ်းရှောင် နေရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ရဲ၊ ရှမ်းနီတပ်တွေနဲ့ ပျူစောထီးတွေဟာ ချင်းတွင်မြစ် အတွင်း ဆက်ကြေး ကောက်ခံမှုတွေ ပြုလုပ်တဲ့အပြင် ဒေသခံတွေကိုလည် အကြာခဏ ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်လေ့ ရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။
#မော်လိုက် #စကာကျယ်လောင်စွာပြောလို့ဆိုပြီး
#ဒေသခံ၄ဦးကို #ပျူစောထီးနဲ့အုပ်ချုပ်ရေးမှူးတွေက
#ရိုက်နှက်ဖမ်းဆီး
#Ayeyarwaddy_Times