ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို လေးစား သမှုမရှိတာ စဉ်ဆက်မပြတ် ပြသခဲ့တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ် ကြီး ဆိုင်မွန်မန်လေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံရှိ လူ့ အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း လက်လွတ်စပယ်ဖမ်းဆီးမှုတွေ၊ ရိုဟင်ဂျာတွေ၊ အခြားလူနည်းစုတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာ၊ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အပေါ် ကန့်သတ်တာနဲ့ တိုက်ခိုက်တာတွေ ဆက်လက်မြင်တွေ့နေရတယ်လို့ သူ က ဆိုပါတယ်။

စစ်ကောင်စီဟာ မကြာသေးမီက NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးအပေါ် တိုက်ခိုက်မှုဖြစ်တာကို မီးမောင်းထိုးပြနေတယ်လို့ ဆိုင်မွန်က ပြောပါ တယ်။

မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ ကမ်းကုန်တဲ့လုပ်ရပ်တွေကို ရင်ဆိုင်ရာမှာ ဧရာမသတ္တိရှိမှု ပြသခဲ့ ပြီး ဗြိတိန်နိုင်ငံက မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ သူက ဆိုပါတယ်။

တာဝန်ခံမှုဟာ စစ်တပ်ရဲ့ ပြစ်ဒဏ်မှ သက်ညှာခွင့်ရနေတဲ့ယဉ်ကျေးမှုကို အဆုံးသတ်ပေးနိုင်တဲ့ တစ်ခု တည်းသောနည်းလမ်း ဖြစ်တာကြောင့် စစ်ကောင်စီကို အရေးယူရာမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးမှုယန္တယား (IIMM) နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုင်မွန်က ကုလသမဂ္ဂ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

အရပ်သားတွေကို သတ်ဖြတ်နေတဲ့ လက်နက်တွေကို မြန်မာနိုင်ငံသို့ မလွှဲပြောင်းသင့်တော့ဘဲ မည်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကမှ မြန်မာနိုင်ငံသို့ လက်နက်တွေ မရောင်းချသင့်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာပြည်သူတွေနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနဲ့ အားလုံးပါဝင်သော အနာဂတ် မျှော်မှန်းချက်တွေကို ဗြိတိန်နိုင်ငံက ပံ့ပိုးကူညီဖို့ ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

ကိုးကား – https://www.gov.uk
Ref; UN HRC52: UK General Comment on the situation in Myanmar