ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီဂိတ်ဘန်ကာမှာ ဧပြီလ ၅ ရက်နေ့ မနက်၇
နာရီက ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ မနက် ၇ နာရီလောက် ကင်းစောင့်ဖို့လာရောက်ချိန်မှာ ဘန်ကာနားမှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်တာမျိုးတော့ မတွေ့မိဘူးလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

“စစ်တပ်က မနက်ဆို အဲ့ဂိတ်ကိုလာပြီး ကင်းစောင့်နေတာ ဘန်ကာနားမှာပေါက်တာ ထိခိုက်တာက တော့မကြားမိဘူး၊ နောက်ပြီးစစ်တပ်က ကား ၅ စီးရောက်လာပြီး လမ်းကိုပိတ်ပြီးရှာတာ “လို့ မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ စီးပွားရေးဘဏ်ရှေ့မှာ ၈ နာရီလောက် ဗုံးတစ်လုံးထပ်တွေ့ခဲ့ပြီး နတခထဲယူပြီးဖျက်ဆီးဖို့ လုပ်ပေမယ့် မယူရဲတာကြောင့် အဲ့နေရာမှာပဲ ဖောက်ခွဲလိုက်တာတွေ့တယ်လို့ ဆိုပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့ (PSTF)က ပြုလုပ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်

“သူတို့က စိီးပွားရေးဘဏ်ရှေ့မှာ အမြဲတမ်းဘန်ကာ၂ ခုကို တစ်ဖက် ၃ ယောက်စီထားတယ် မနက် ၇ နာရီထိုးဆိုရင် ဘဏ်ရှေ့ကိုအမြဲတမ်းရောက်တယ် သူတို့လာတဲ့အချိန်မှာ အဝေးထိန်းစနစ်နဲ့တိုက်ခိုက်ခဲ့တာသူတို့ဘန်ကာတွေက သဲအိတ်တွေနဲ့ကျကျနနလုပ်ထားတဲ့အတွက် သူတို့ထိခိုက်မှုမရှိဘူးလို့တော့ကြားတယ်”လို့ ပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့ (PSTF)တာ၀န်ခံ ကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

စီးပွားရေးဘဏ်ရှေ့က စစ်ကောင်စီရဲ့ဘန်ကာတွေဟာ သဲအိတ်များ ၊ သံဇကာတွေပါကာရံထားတာကြောင့် ပျောက်ကြားတပ်ဖွဲ့ အနေနဲ့ ဗုံးခွဲတိုက်ခိုက်ဖို့ခက်ခဲတဲ့ကြားက ကြိုးစားတိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

အဝေးထိန်းစနစ်နဲ့ ဗုံး ၂ လုံးပူးတွဲ ထားရှိခဲ့တာမှာ တစ်လုံးပေါက်ကွဲခဲ့ပြီး တစ်လုံးကိုတော့ စစ်တပ်ကတစ်လုံးဖောက်ခွဲလိုက်တာလို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ စီးပွားရေးဘဏ်ရှေ့မှာ စစ်ကောင်စီ တပ်နဲ့ရဲတွေ လမ်းပိတ်ဆို့ကာစစ်ဆေးမှုများပြုလုပ်နေပြီး ပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့ (PSTF)အနေနဲ့ နောက်ပိုင်းမှာစစ်ကောင်စီတပ် ဂိတ်တွေကို အဓိကထားးပြီးအခွင့်အရေးရတာနဲ့ဆက်လက်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

#ပုသိမ်မြို့ #မြန်မာ့စီးပွားရေးဘဏ် #ဗုံးပေါက်ကွဲ #စစ်ကောင်စီတပ် #Ayeyarwaddy_Times