ဧရာဝတီတိုင်းမ်
(ရေစကြို)၊ ဧပြီလ ၅ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းအား ဧပြီလ ၃ ရက် နံနက် ၅ နာရီဝန်းကျင်တွင် မြိုင်(ပကဖ)နှင့်ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မအူကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်ကောင်စီတပ်သားအင်အား ၂၄ ဦးရှိသည့် မအူရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း မြိုင်(ပကဖ)က ထုတ်ပြန် ထားသည်။

မအူရဲစခန်းအား နံနက် ၈ နာရီဝန်းကျင်တွင် သိမ်းပိုက်မီးရှို့၍ ဝင်ရောက်စီးနင်းနေချိန်တွင် စစ်ကောင်စီမှ Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“စခန်းသိမ်းနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ အခုတော့ အဲ့ဒီစခန်းကို စစ်ကောင်စီ ဘက်ကပြန်ရောက်နေပြီ လို့သိရတယ်။ အင်အား ၁၁၀ ကျော်လောက်ရောက်နေပါတယ်။ ကျွန်တော်တို့ဘက်ကလည်းတိုက်ခိုက်ဖို့ အသင့်ပါ။ ထွက်လာစေချင်တယ်” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက်ယာကဧရာဝတီတိုင်းမ်ကို ပြောသည်။

စခန်းသိမ်း တိုက်ခိုက်မှုတွင် မအူရဲစခန်းမှ G-3သေနတ်တစ်လက်၊ Anti Drone Gun တစ်လက်၊ ဗုံးသီး ၁၀ လုံးနှင့် စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းတစ်စင်းဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပ.ကဖ တပ်ရင်း (၂) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ Myanmar Royal Dragon Army(MRDA) တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မကွေးတိုင်း #ရေစကြိုမြို့နယ် #မအူရဲစခန်း #သိမ်းပိုက် #PDF #တိုက်ပွဲ #Ayeyarwaddy_Times