နှစ်စဉ် ဧပြီလ ၄ ရက်နေ့တွင် ကျရောက်သည့် မိုင်းသတိပြုရေးနှင့် မိုင်းအရေးလှုပ်ရှားမှုကူညီရေး အပြည်ပြည်ဆိုင်ရာနေ့ အဖြစ် ဧရာ၀တီတိုင်းမ် သတင်းဌာနမှ တင်ဆက်ခြင်း ဖြစ်ပါသည်။

ဧရာဝတီတိုင်းမ်သတင်းအဖွဲ့
ဧပြီလ ၄ ရက်

မြန်မာတစ်နိုင်လုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ (PDF) ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs) တို့သည် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

နှစ်ဖက် ရင်ဆိုင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းများ ကြောင့် ဒေသခံအရပ်သား ပြည်သူများ သေဆုံးမှုနှင့် ကိုယ်လက်ဆုံးရှုံးမှုများ အများအပြားရှိနေသလို တော်လှန်တပ်ဖွဲ့ဝင်များနှင့် EROs တို့ကြောင့်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် အရပ်သားသေဆုံးမှု အချို့ ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့၏ တိုက်ပွဲ ကာလအတွင်း မိုင်းကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိခဲ့သလို တိုက်ပွဲများ ရပ်တန့်နေသည့်အချိန် တွင်လည်း ပြန်လည်ရှင်းလင်းခြင်း မပြုလုပ်ထားသည့် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

ဧရာဝတီတိုင်းမ် သတင်းဌာနက စုံစမ်းရရှိထားသည့် စာရင်းများအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ တစ်နှစ်တာကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ ၆၄ဦး၊ ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့သည်။ စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ပြန်လည်ရှင်းလင်းခြင်း မရှိသည့် မြေမြှုပ်မိုင်းများကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ လေး ဦးနှင့် ဒဏ်ရာရရှိသူ ရှစ် ဦး ရှိခဲ့သည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းရှိ ခမောင်းဆိပ် ကျေးရွာမှ ခုနစ်တန်းကျောင်းသားတစ်ဦးသည် ကျေးရွာနှင့်မိုင်ဝက်ခန့်ဝေးသည့် တောင်ကုန်းပေါ်သို့ ငှက်ကိုင်းထောင်ရန်သွားစဉ် မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။

“တိုက်ပွဲတွေဖြစ်နေတုန်းကတော့ တောင်တန်းတွေဆီမသွားကြဘူး။ တိုက်ပွဲတွေ ငြိမ်သွားလို့ ကလေးတွေက ရွာနားကတောင်တွေဆီသွားပြီး ငှက်ကိုင်းထောင်ကြတာ။ စစ်ပွဲကာလက ကျန်ခဲ့တဲ့မိုင်းလား၊ အသစ်ထောင်တဲ့မိုင်းလားတော့ သေချာ မသိဘူး။ ရုတ်တရက်ထပေါက်ပြီးတော့ ကျွန်မသားလေးက ပွဲချင်းပြီးသေသွားတယ်။ အဲ့ဒီ တောင်ကုန်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ စခန်းချထားတာရှိတယ်” ဟု သေဆုံးသူ ကလေးငယ်၏ မိခင်ဖြစ်သူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့ တစ်ကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားနေသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံစုံရွာမှ အသက် ၄၃ နှစ်အရွယ် ဦးဘရွှေတစ်ယောက် မိသားစုစားဝတ်နေရေးအတွက် တောတောင်ထဲသို့ ဟင်းရှာသွား၍ အပြန်လမ်းတွင် မိုင်းနင်းမိကာ ညာခြေတဖက်နှင့်ညာဖက်မျက်လုံး ဆုံးရှုံးခဲ့ရသည်။

“အဲ့ဒီနေ့က ဝုန်းခနဲအသံကြားပြီးလဲကျသွားတော့ သတိမရတစ်ဝက် ရတစ်ဝက်နဲ့ အောက်ကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်ခြေထောက်တစ်ဖက်မရှိတော့ဘူး။ ပါးစပ်က အော်သံမထွက်ဘဲ ဆွံ့အသွားတယ်။ ချက်ချင်းသတိရလိုက်တာ ငါ့မိသားစုကို ငါဘယ်လိုရှာကျွေးရတော့မလဲ ဆိုတဲ့စိတ်တန်းရောက်သွားတယ်။ ငါသေလို့မဖြစ်ဘူး ငါအားတင်းထားရမယ်ဆိုတဲ့စိတ်နဲ့ သတိမပေါ့ဘဲ ရွာသားတွေ အလာထိတင်းခံခဲ့တယ်။ အခုဆို ခြေတစ်ဖက်၊ မျက်လုံးတစ်ဖက်ပဲရှိတော့တဲ့ သေတာထက် မထူးတဲ့ ဘဝနဲ့ နေရပြီ။ စစ်ရဲ့ဆိုးကျိုးတွေကြောင့် ကျွန်တော်တို့ဘဝအခုလိုဖြစ်နေရတာ။ ကျွန်တော် တို့လိုမျိုး နောက်ထပ်ဘယ်သူ့ကိုမှ မမြင်ချင်၊ မဖြစ်စေချင်တော့ဘူး” ဟုဦးဘရွှေက ပြောသည်။

မြေမြှုပ်မိုင်းကြောင့် မသန်းစွမ်းဘဝကိုပိုင်ဆိုင်ခဲ့ရသည့် ဦးဘရွှေ နှင့် သူ၏မိသားစုမှာ လုပ်ကိုင်စားသောက်ရန် အဆင်မပြေ၍ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကာ ငတ်တစ်ခါ၊ ပြတ်တစ်လှည့်ဘဝဖြင့် ရင်ဆိုင် ရုန်းကန်နေရသည်။

တောင်ပေါ်တွင် နှစ်ပေါင်းများစွာ ရှာဖွေစားသောက်လာသည့် ဦးဘရွှေတစ်ယောက် မိမိဘဝအား ယခုကဲ့သို့ ဆုံးရှုံးရလိမ့်မည်ဟု မည်သည့်အခါမှ မတွေးမိခဲ့ဟု ဆိုသည်။ ဦးဘရွှေက ငုတ်တိုဖြစ်နေသည့် ခြေထောက်ကို မြင်နေရသေးသည့် မျက်လုံး တစ်ဖက်ဖြင့် ငေးကြည့်နေရှာပေလိမ့်မည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူအများစုသည် တောတောင်များကို မှီခိုအားထားကာ လုပ်ကိုင် စားသောက်နေကြရသူများဖြစ်သည်။လက်ရှိတွင်မူ မြေမြှုပ်မိုင်း အန္တရာယ်ကိုကြောက်၍ ဒေသခံများမှာ တောတောင် ထဲသို့မဝင်ရဲကြတော့သလို စစ်ဘေးရှောင်များမှာလည်း မိုင်းအန္တရာယ်ကိုကြောက် သောကြောင့် နေရပ်သို့ မပြန်ရဲကြသေးပေ။

ထို့ကြောင့် စစ်ဘေးရှောင်များသည် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများနှင့် အနီးတဝိုက်ကို မိုင်းရှင်းလင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုနေကြသော်လည်း စစ်ကောင်စီက လက်ရှိ အချိန်အထိ တစ်စုံတရာလုပ်ဆောင်ပေးခြင်း မရှိသေးပေ။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နှစ်စပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကားလမ်းမကြီးများအနီးတွင် မိုင်းရှင်း လင်းရေးတစ်ကြိမ် လုပ်ဆောင်ခဲ့သော်လည်း အမှန်တကယ်ရှင်းလင်းပေးရန် လိုအပ်သည့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာများကို လျစ်လျူရှု့ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်း၍ မိုင်းရှင်း လင်းရေးများ လုပ်ဆောင်ပေးမည့် အစီအစဉ်မရှိသော်လည်း ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေ များတွင် AA တပ်ဖွဲ့ဝင်များက မိုင်းရှင်းမှုများလုပ်ဆောင် ပေးလျှက်ရှိသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့် တပ်တော်(AA) ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆို ထားသည်။

နှစ်စဉ် ဧပြီလ ၄ ရက်နေ့ကို မိုင်းသတိပြုရေးနှင့် မိုင်းအရေးလှုပ်ရှားမှုကူညီရေး အပြည်ပြည်ဆိုင်ရာနေ့ သက်မှတ်ထားပြီး မြေမြှုပ်မိုင်း၏ ကြောက်မက်ဖွယ် အန္တရာယ်များ အကြောင်း အသိသတိများ ပေးလျှက်ရှိသည်။

၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်း တားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၆၄ နိုင်ငံ (၈၀ ရာခိုင်နှုန်း) အထိ ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း မြန်မာနိုင်ငံက သဘောတူညီ ပါဝင်လက်မှတ်ထိုးထားခြင်းမရှိပေ။

မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသည့် အဆိုပါ သဘောတူ စာချုပ်တွင် လူကို ဦးတည်ထိခိုက်ဒဏ်ရာရစေသည့် မိုင်းသုံးစွဲခြင်း၊ ထုတ်လုပ်ခြင်း၊ စုဆောင်းခြင်းနှင့် ရွှေ့ပြောင်းခြင်းများကို တားမြစ်ထားသည်။ ထို့ပြင် မြေမြှုပ်မိုင်းများရှင်းလင်းရန် ထိခိုက်နစ်နာသူများကို ကူညီရန်နှင့် စုဆောင်းထားသည့် မိုင်းများကို ဖျက်ဆီးပစ်ရန် တို့ပါဝင်သည်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် သေဆုံးထိခိုက်သူ ၂၈၄ ဦး ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၉၀ ဦးအထိ ရှိခဲ့သည်။

အဆိုပါ အချက်များသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက် ပစ္စည်းများကြောင့် အရပ်သားသေဆုံးထိခိုက်မှု ပိုမိုမြင့်တက်နေခြင်းကို ထောက်ပြ နေခြင်းဖြစ်ပြီး မိုင်းကြောင့် ထိခိုက်နစ်နာ သူစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းသည် ကလေးငယ်များ ဖြစ်သည်ဟု ယူနီဆက်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပုံစာ-၂၀၂၂ ခုနှစ်ဩဂုတ်လအတွင်းက စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအနီးပတ်၀န်းကျင်အနီးတွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြှုပ်မိုင်း ၇၈ လုံး ကိုတွေ့ရစဉ်

#မိုင်းအရေးလှုပ်ရှားမှုကူညီရေးနေ့ #မြေမြှုပ်မှိုင်း #ပြည်သူများ #ရခိုင်ပြည်နယ် #စစ်ကောင်စီတပ် #ဆောင်းပါး #Ayeyarwaddy_Times