ဧရာဝတီတိုင်းမ်
ဧပြီလ ၄ ရက်

သင်္ကြန်ရက်အတွက် ချောင်းသာနဲ့ ငွေဆောင်မှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ ဘိုကင်တင်ထားတာ အခန်းပြည့်နေတာကြောင့် ကျေးရွာတွေထဲက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေပါ ငှားရမ်းတာတွေ ပြုလုပ် နေရတယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ်အတွင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းတွေက ဟိုတယ်နဲ့ တည်းခိုခန်း တွေကို မတ်လဒုတိယပတ်လောက်ကစတင်ကာ သင်္ကြန်ကာလလာရောက်တည်းခိုဖို့အတွက် ကြိုတင်ငှားရမ်း တာတွေပြုလုပ်လာတာလို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“ မတ်လဒုတိယပတ်လောက်ထဲက တော်တော်ငှားနေရပြီ၊ သင်္ကြန်ကာလဆို ဒီမှာက အပြည့်ပဲလေ အခန်းတွေရော ကမ်းခြေပါ ပြည့်တာ၊ ရွာထဲမှာဆိုလည်း လမ်းတောင် ကောင်းကောင်းလျှောက်လို့မရအောင် ပြည့်တာ၊ ဒါပေမယ့် ကိုဗစ်ကာလတုန်းကတော့ နားလိုက်ရတာပေါ့ မနှစ်ကပြန်စပြီး ဧည့်သည်ပြည့်တာ”လို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သင်္ကြန်ကာလမှာ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ ပုံမှန် အချိန်တွေထက် အခန်းက ဈေး ၂ ဆပေးငှားရတာဖြစ်ပြီး လက်ရှိအချိန်မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ အခန်း အားလုံးပြည့်သွားတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ ငှားတဲ့အထိပါ ဖြစ်သွားတာလို့ ဆိုပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေမှာ ဧပြီလဆန်းပိုင်းကစတင်ကာ ဧည့်သည်ဝင်ရောက်မှု သိသိသာသာ များပြားလာတာဖြစ်ပြီး မိုးမကျခင် မေလကုန်အထိ ဧည့်သည်များပြားလေ့ရှိသလို ရာသီဥတုကောင်းရင်တော့ ဇွန်လ ဒုတိယပတ်လောက်ထိ ဧည့်သည်ဝင်ရောက်လေ့ရှိတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေက ဒေသခံအများစုဟာ ဧည့်သည်တွေကို မှီခိုရောင်းချပြီး စားဝတ်နေရေး ဖြေရှင်းရတာဖြစ်တာကြောင့် ခုလိုမျိုး ဧည့်သည်များတဲ့အချိန်မှာ ဝင်ငွေရှာထားပြီး မိုးတွင်းကာလ ဧည့်သည် မရှိတဲ့အချိန်မှာ ထုခွဲရောင်းချပြီး စားသောက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ချောင်းသာ #ငွေဆောင် #သင်္ကြန် #အခန်းပြည့် #ခရီးလုပ်ငန်း #Ayeyarwaddy_Times