နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ကရင်ပြည်နယ်)/ဧပြီ ၄ ရက်

စစ်ကောင်စီတပ် နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်းရှိ ကျုံဒိုး နှင့် မဲကနယ် ကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ ဘက်က လေယာဉ် နှင့် ဗုံးကြဲ တိုက်ခိုက်မှု အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် မူလ နေထိုင်ရာ ကျေးရွာများတွင် မနေရဲကြဘဲ ဘေးလွတ်ရာများကို ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံ ပြည်သူ ၄၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်ဟုလည်း ဆိုသည်။

အသက် ၅၀ ရှိ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက“မဲကနယ် ကျေးရွာနဲ့ ကျုံဒီုးကျေးရွာက လက်ရှိ စစ်ကောင်စီတပ် နဲ့ KNLA ၊ KTLA ၊ PDF တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နယ်မြေ ဖြစ်နေပြီး စစ်ကောင်စီတပ်တွေက လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာအပါအဝင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတာကြောင့် အခုလို ထွက်ပြေး နေကြရတာလေ၊ စစ်ကောင်စီက ရမ်းသမ်း ပစ်ခတ် နေတာကြောင့် ရွာက နွားတွေ၊ ဝက်တွေ အပြင် ဒေသခံ အမျိုးသား တစ်ဦးပါ လက်နက်ကြီးကျည် ထိမှန်ခဲ့ရပြီး တေားထဲတွေမှာဖြစ်သလို ပြေးလွှားနေထိုင်ကြရတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

၎င်း အမျိုးသမီးက ဆက်လက်ပြီး“မတ်လ ၂၅ ရက်နေ့ကတည်းက နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဧပြီလ ၃ ရက်နေ့ ည ၁ နာရီထိုးအထိ စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတာ”ဟုလည်း ပြောဆိုသည်။

ထွက်ပြေး တိမ်းရှောင်နေကြရသော ဒေသခံများမှာ တောထဲတွင် ဖြစ်သလို ရွက်ဖျင်တဲများ ဆောက်ပြီး လူဦးရေ ၅၀၊ ၆၀ အုပ်စုလိုက် နေထိုင်နေကြပြီး စားဝတ်နေရေး ခက်ခဲနေကြကြောင်းလည်း စစ်ဘေးရှောင်များက ပြောသည်။

ကျုံဒိုးကျေးရွာ နှင့် မဲကနယ် ကျေးရွာများတွင် ဒေသခံများ၏ နေအိမ်များ၊ အိမ်မွေး တရိစ္ဆာန်များပါ သေကြေပျက်စီး ဆုံးရှုံးနေပြီး ကျေးရွာများသို့ လက်ရှိအချိန်ထိ ပြန်မဝင်ရဲကြတော့ဘဲ တောတောင်များကြားမှာ ပုန်းအောင်း နေထိုင်ရသည့် ဒေသခံပြည်သူ ၄၀၀၀ ကျော်အထိ ရှိလာနေခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။