ဧရာဝတီတိုင်းမ်
ဧပြီလ ၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေ ကျေးရွာတွေဘက်က သစ်တောတွေမှာ PDF တွေရှိနေတယ်ဆိုပြီးမနေ့က မတ်လ ၂ ရက်နေ့မနက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့၀င်အချို့ဟာ စစ်ကြောင်းထိုးရှာဖွေဖို့၀င်ရောက်လာတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

ငွေဆောင်ကမ်းခြေဒေသရှိ ဆင်မရွာ၊ ဘူးကွဲရွာတို့ ကြားမှာရှိတဲ့ မာလကာကွင်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အား ၅၀ ခန့် ရောက်ရှိနေတာဖြစ်ပြီး သူတို့နဲ့အတူ မိုင်းရှာခွေးများလဲပါ၀င်လာတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

” ကျွန်တော်တို့ဘက်မှာ PDFစခန်းတွေရှိတာမျိုးမရှိပါဘူး။ဒီလိုနေရာမျိုးမှာလည်း စခန်းဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ၀င်လမ်းရှိပြီး ထွက်လမ်းက ပင်လယ်ပဲရှိတာ။ ဘယ်သူက စခန်းဆောက်မှာလဲ။ စစ်တပ်က သက်သက် စစ်ကြောင်းထိုးပြနေတာ။ ပြီးရင် တောထဲက သစ်ခုတ်၊ မီးသွေးဖုတ်တဲ့ လူတွေကို ဖမ်းပြီးငွေတောင်း၊ ရွာတွေကို ရိက္ခာတောင်းနဲ့ ဒုက္ခလာပေးနေတာ”လို့ ငွေဆောင်ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

ပုသိမ်မြို့နယ်အတွင်းက ကမ်းခြေ​ဒေသတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေမှုတွေ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိပြီး သစ်တောများအတွင်း သစ်ခုတ်၊ဝါးခုတ်၊ မီးသွေးဖုတ်သူတွေကို ဖမ်းဆီးငွေညှစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိုင်းရှာခွေးက ဘာလို့ ခေါ်လာတာလဲဆိုရင် ပြီးခဲ့တဲ့မတ်လ ၂ရက်နေ့က အင်္ဂပူဘက်မှာ တောထဲစစ်ကြောင်းထိုးတဲ့ အဖွဲ့ တိုက်မိုင်းအဆွဲခံရလို့ အသေအပျောက်ရှိလို့ ခေါ်လာတာထင်တယ်။ ဒီဘက်တွေမှာ PDFစခန်းကြီးမျိုးတွေမရှိပါဘူး။ UGအနေနဲ့လှုပ်ရှားမှုတွေတော့ရှိတယ်။ အဓိကကတော့ ပထမအချက်ကရှေ့တန်းမထွက်ချင်လို့ ဒုတိယအချက်က ဧရာ၀တီမှာတော်လှန်ရေးတပ်ဖွဲ့တွေ ခြေကုပ်ယူလို့မရအောင်အထက်က ခိုင်းလို့ စစ်ကြောင်းထိုးနေတာလို့ ယူဆလို့ရပါတယ်”လို့ စစ်မှုထမ်းဟောင်းတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂ ရက်နေ့ကလည်း အင်္ဂပူမြို့နယ် နတ်ပုတီးတောင်ကြောမှာစစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကိုစွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)နှင့် အင်္ဂပူမြို့နယ် (ပကဖ) တို့ကမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်အပါအ၀င် ၄ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိဆက်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်လမ်းသစ်တောတွေအတွင်းမှာ စစ်ကောင်စီက လစဥ်တိုင်း တောနင်းရှာဖွေတာတွေအမြဲပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#ငွေဆောင် #ကမ်းခြေ #PDF #မိုင်းရှာခွေး #စစ်ကြောင်းထိုး #ရှာဖွေ
#Ayeyarwaddy_Times