ဧရာဝတီတိုင်းမ်
(ရေး)၊ ဧပြီလ ၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်အတွင်း စစ်ကောင်စီလက်ခံတပ်နှင့် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

ရေး-သံဖြူဇရပ်ကားလမ်းဘေးရှိ ဘေးလမိုင်းရွာအနီး ဧပြီလ ၁ ရက်နေ့တိုက်ပွဲ၌ အရပ်သားမောင်းနှင်လာသည့်ကားမှာ နှစ်ဖက်ပစ်ခဲ့မှု‌ေကြာင့် ကျည်ထိမှန်ခဲ့ပြီး ကားပေါ်ရှိ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထို့အပြင် ဧပြီလ ၂ ရက်နေ့တွင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ကနင်ကမော့ရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းအားကြားဖြတ်တိုက်ခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများမှ ရာဘာခြံ၊ ကွမ်းသီးခြံနှင့် တဲ ၃ လုံးအား မီးရှို့ခဲ့ပြီး အရပ်သား တစ်ဦးအား သတ်ဖြတ်ကာ ၎င်း၏ဆိုင်ကယ်အားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ရေးမြောက်ပိုင်းဘက်မှာတော့ တိုက်ပွဲရှိထားတယ်လို့သတင်းကြားတယ်။ ဘယ်အဖွဲ့နဲ့ဖြစ်ကြလဲဆိုတာတော့မသိဘူး။ ကင်းစခန်းဝင်ပစ်တာမျိုးဆိုပြီးတော့ သိရတယ်” ဟု ရေးမြို့ဒေသခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဝောာင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ မတ်လ ၃၁ ရက်မှစတင်ပြီး ဧပြီလ ၂ ရက်အထိ စစ်ကောင်စီကင်းပုန်းအဖွဲ့ အားတိုက်ခိုက်ခြင်း၊ ယာဉ်တန်းမို​င်းဆွဲခြင်းများပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၃ ဦးနှင့်အထက်သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ပွဲတွေနဲ့ပက်သက်ပြီးထိခိုက်မှုမရှိအောင်ပြည်သူတွေအနေနဲ့ ဆင်ခြင်ဖို့ကသာအဓိကကျမယ်လို့ထင်တယ်။ တိုက်ပွဲဖြစ်ပွားနိုင်ခြေတဲ့နေရာတွေ၊ဖြစ်လေ့ဖြစ်ထရှိတဲ့နေရာတွေ၊ စစ်ကောင်စီတပ်တွေ ရှိနေတဲ့နေရာတွေကို သွားလာကြမယ်ဆိုရင် သေချာလေးသတင်းနားစွင့်ဖို့နဲ့စုံစမ်းထောက်လှမ်းပြီးမှသွားလာဖို့အဓိကလိုလိမ့်မယ်။ စစ်ကောင်စီတပ်တွေကတစ်ခုခုဖြစ်လာပြီဆိုရင် ပြည်သူတွေအပေါ်ပတ်ရမ်းတာတွေ၊ဖြစ်စဥ်အနီးအနားပတ်ဝန်းကျင်ကိုပတ်ရမ်းတာမျိုးတွေက သူတို့ရဲ့အလုပ်တစ်ခုလိုဖြစ်နေပြီ” ဟု ရေးမြို့ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်ပြီးနောက်ပိုင်း ၂၀၂၃ခုနှစ် မတ်လ ၃၁ ရက်နေ့အထိကောက်ယူရရှိသည့်စာရင်းများအရ အရပ်သားထိခိုက်သေဆုံးမှုမှာ ၃၁၆၄ ဦးအထိရှိခဲ့ပြီး မွန်ပြည်နယ်မှ သေဆုံးသူဦးရေ ၅၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မီးရှို့ဖျက်ဆီးခံရသည့်ပုံများ။
#ရေးမြို့နယ် #တိုက်ပွဲ #တောင်ညိုပြည်သူ့ပြောက်ကျား
#Ayeyarwaddy_Times