ဧရာဝတီတိုင်းမ်
ဧပြီလ ၄ ရက်

စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ကြား အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင် စီက လွတ်လပ်စွာခရီးသွားလာခွင့်ကို ကန့်သတ်ထားသောကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်ရှိ အခြေခံလူတန်းစားများမှာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးခက်ခဲလျှက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်သည် ကုန်စည်စီးဆင်းမှုအတွက် ကျောက်တော်မြို့ကို အဓိက အားထားနေရပြီး စစ်ကောင်စီသည် အဆိုပါရေလမ်းကြောင်းကို ၎င်းတို့ထံ ခွင့်ပြုချက်တင်၍ အခကြေး ငွေပေးမှသာ သွားလာခွင့်ပြုထားသည်။

ထို့ကြောင့် ကုန်သည်ကြီးများ၏ မော်တော်ဘုတ်များမှလွဲ၍ စားဝတ်နေရေးအတွက် တစ်နိုင်တပိုင် အငှါးသွားလာနေသည့် စက်လှေသမားများမှာ အလုပ်မရှိဘဲ အခက်အခဲ ကြုံနေကြရကြောင်း ပလက်ဝမြို့ခံများ ထံက သိရသည်။

” စစ်တပ်(စစ်ကောင်စီတပ်)မှာ ခွင့်ပြုချက်တင်ဖို့ ငွေသိန်းဂဏန်းထိပေးရတာဆိုတော့ စက်လှေသမားတွေက ဘယ်လိုလုပ်ခွင့်ပြုချက်ယူနိုင်မှာလဲ။ ကျောက်တော်ကို ခရီးသည် သွားပို့တာပဲဖြစ်ဖြစ်၊ ပစ္စည်းသွားတင်တာပဲဖြစ်ဖြစ် တစ်ခေါက်သွားလို့ တစ်သိန်းတောင် မရဘူး။ သူတို့ကိုဘယ်လိုလုပ် ငွေပေးနိုင်မှာလဲ။ ဒါကြောင့် ကုန်သည်ကြီးတွေပဲ သွားရတယ်။ စက်လှေသမားတွေက အလုပ်မရဘူး” ဟု ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပလက်၀ရှိ သာမန်လက်လုပ်၊ လက်စားများမှာ အလုပ်အကိုင်ရှားပါလာသည့် အတွက် ကျောက်တုံးများကို ထုခွဲ၍ တစ်ကျင်းလျှင် ၈,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချကာ စားဝတ်နေရေး ပြဿနာကိုဖြေရှင်းနေကြသည်။ သို့သော်လည်း စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လအတွင်းမှ စတင်၍ အဆိုပါကျောက်ကျင်းများကို တားမြစ် ပိတ်ပင်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

” စက်လှေအငှါးမကျလို့ ကျောက်တုံးတွေကိုထုပြီး ရောင်းစားနေတာကိုလည်း စစ်တပ် ကတားမြစ်လိုက်တော့ အလုပ်ကပိုရှားပါးသွားပြီ။ မိုင်းကိုကြောက်လို တောတောင်ထဲ ကိုလည်း ကျွန်တော်တို့ မသွားရဲကြဘူး။ ကုန်ဈေးနှုန်းကလည်းတက်၊ လမ်းခရီးတွေ ကိုလည်း ဒီအတိုင်း ဆက်ပိတ်ပင်ထားရင်တော့ ကြာလာရင် အငတ်ဘေးဆိုက် တော့မယ်။ ရေလမ်းကြောင်းတခုကိုတော့ လွတ်လွတ်လပ်လပ် သွားခွင့်ပြုစေချင်ပါတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း၌ ပေါ်ဆန်မွှေး ဆန်တစ်အိတ်ကို ၉၅,၀၀၀ ကျပ်နှင့် ဆန်ချေ(ဆန်ကြမ်း) တစ်အိတ်ကို ၇၀,၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး ကျန်အခြေခံ စားသောက်ကုန်ပစ္စည်းများမှာလည်း အခြားမြို့နယ်များထက် ဈေးနှုန်း နှစ် ဆအထိ မြင့်တက်လျှက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ သြဂုတ်လမှစ၍ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ကြား တစ်ကျော့ပြန်တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ပလက်ဝနှင့် ကျောက်တော်ကြားရှိ ရေလမ်းကြောင်းကို သွားလာခွင့်ကို စစ်ကောင်စီက လုံးဝပိတ်ပင်ခဲ့သည်။ ယင်းနောက် နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရေလမ်းကြောင်းကို ပြန်လည် ဖွင့်ပေးခဲ့သော်လည်း လွတ်လပ်စွာသွားလာခွင့်မရဘဲ စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့်သာ သွားလာနေ ရသည်။

#ချင်းပြည်နယ် #ပလက်၀မြို့နယ် #ခရီးသွားလာခွင့် #စစ်ကောင်စီတပ် #ပိတ်ပင် #စားဝတ်နေရေး #ကျပ်တည်း #Ayeyarwaddy_Times