ဧရာ၀တီတိုင်းမ်
ဧပြီလ ၃ ရက်

အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ထိမ်းချုပ်နိုင်ရန်အတွက် လေကြောင်းကို အဓိကအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် ကလေးမြို့အနီး၌ တိုက်ပွဲများ ဆက်လက်ပြင်းတန် နေကြောင်း သတင်းရရှိသည်။

မတ်လ ၃၀ ရက်နေ့မှစတင်၍ ချမ်းသာကြီးကျေးရွာနှင့် လက်ပံချောင်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ ၅ ရက် ဆက်တိုက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ယနေ့တွင် ဂျက်ဖိုက်တာ လေယာဉ် ၁ စီးနှင့် MI – 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးတို့ဖြင့် တနေကုန် တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှလည်း စစ်သည်အင်အား ဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် PDF ပူးပေါင်းတပ်များမှာ ၎င်းတို့ခုခံတိုက်ခိုက်နေသည့် ပျဉ်တော်ဦးကျေးရွာကို စွန့်ခွာ၍ နောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ဒီနေ့ တနေကုန် လေကြောင်းကနေ တိုက်ခိုက်နေတာ။ ပြီးတော့ လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ စစ်သားတွေလည်း ထပ်ဖြည့်တယ်။ ကလေးမြို့ထဲက စစ်တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အဲတော့ ကျွန်တော်တို့တပ်တွေ ပျဉ်တော်ဦးကျေးရွာကနေ ဆုတ်ခွာလိုက်ရတယ်။ အခုတော့ စစ်ကောင်စီတပ်က ပျဉ်တော်ဦးရွာကိုပါ မီးနဲ့ရှို့နေပြီ”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် – CNDF မှ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများကြောင့် ကလေးမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ နီးပါးမှ ဒေသခံ ၃ သောင်းကျော်မှာလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်ကျေးရွာများမှာ လက်ပံချောင်း၊ ချမ်းသာကြီး၊ မြောက်ချော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ်နှင့် ဆည်ကြီး ကျေးရွာတို့မှ ဒေသခံများဖြစ်ပြီး တိုက်ပွဲနှင့်ဝေးရာဒေသ၌ ဖြစ်သလို နေထိုင်နေရကြောင်း ဒေသခံများထံက သိရသည်။

“ကလေးမြိုကထဲကစစ်တပ်က တိုက်ပွဲဖြစ်တဲ့နေရာ လက်နက်ကြီးတွေနဲ့ တအုန်းအုန်း ပစ်နေတာ။ ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်”ဟု ကလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကလေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသည့်တပ်ဖွဲ့များမှာ CNDF တပ်ရင်း (၄)၊ CNDF Vakok၊ တာဟန်း PDF, CDM-စီးယင်းတပ်၊ CDF-KKG၊ Chin Refils နှင့် PDA တပ်တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် ချင်းပြည်နယ်၊ ဖလမ်း၊ ဟားခါးနှင့် ထန်တလန်မြို့နယ်တိုကိုလည်း စစ်ကြောင်းထိုး၍ ချီတက်နေသဖြင့် ချင်းပြည်နယ်(မြောက်ပိုင်း)၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

#Ayeyarwaddy_Times #ကလေးမြို့ #လက်ပံချောင်း #တိုက်ပွဲ #စစ်ဘေးရှောင်