ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဧပြီ ၃ ရက်
ချင်းပြည်နယ်၊ စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ဟားခါးမြို့ပေါ်တွင် ယခုနှစ် ဧပြီမှစတင်၍ မီတာခကောက်ရန် ညွှန်ကြားပြီးနောက် ဟားခါးဈေး ဓာတ်အားပေးရုံဖောက်ခွဲခံခဲ့ရ ကြောင်းဒေသခံများထံက သိရသည်။
ဟားခါးမြို့၊ လျှပ်စစ်ဌာနက မီတာခပေးဆောင်ရန် ဟားခါးမြို့တွင်းတွင် လော်စပီကာဖြင့် လိုက်လံ ကြေညာခဲ့ပြီးနောက် မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဟားခါးဈေးဓာတ်အားပေးရုံ ဖောက်ခွဲခံရခြင်းဖြစ်ကြောင်းသိရသည်။
“ဟားခါးမြို့မှာ မီတာခမဆောင်တာ ၂ နှစ်ကျော်ပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း မီတာခ မဆောင်တော့တာပါ။ ဒီဧပြီလကနေစပြီး မီတာခတွေစတင်ပေးဆောင်ရမယ်လို့ လျှပ်စစ် ဌာနက ထုတ်ပြန်လာတယ်။ ပြီးတော့ မီတာခမဆောင်တဲ့ ၂ နှစ်စာကို တွက်ချက်ပြီး အရစ်ကျနဲ့ပေးရမယ်လို့ ပြောတယ်။ လျှပ်စစ်မီးကလည်း တစ်ခါတလေမှ ပေးတာပါ” ဟု ဟားခါးမြို့၊ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ဟားခါးမြို့ပေါ် ပြည်သူ့ အုပ်ချုပ်ရေး ကောင်စီ (Hakha Circle Council)က လျှပ်စစ်မီတာခကောက်ခံ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ချက်များပေးသော ဝန်ကြီး ချုပ်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ လျှပ်စစ်ဝန်ထမ်းများမှ မီတာခ ကောက်ခံ ခြင်း၊ ပြည်သူလူထုထံ လာရောက် နှောက်ယှက်ခြင်းများ မပြုလုပ်ရ။ ထိုသို့ ပြုလုပ်သည်ကို တွေ့ရှိရပါက ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေး ကောင်စီမှ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် လိုအပ်သလို အရေးယူခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဟားခါးမြို့ပေါ်ရှိ ပြည်သူလူထုထံ လျှပ်စစ်မီတာခ ကောက်ခံရန် စီစဉ်ဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်မှုမရှိစေရန်နှင့် မီတာခကို လုံး၀ပေးသွင်းခြင်းမပြုလုပ်ရန်လည်း အဆိုပါ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
#ဟားခါးမြို့ #ဓာတ်အားပေးရုံ #ဖောက်ခွဲခံရ #မီတာခပေးဆောင်ရန်မလို #ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီ #Ayeyarwaddy_Times