နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်) /ဧပြီလ၃ရက်
ဧရာဝတီတိုင်း ၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် အခြေခံ စားသုံးကုန်များဖြစ်သည့် ဆန်ဈေး ဆီဈေးနှင့် အခြားစားသုံးကုန်ပစ္စည်းဈေးနှုန်းများ လစဉ်မြင့်တက်နေ၍ လက်လုပ်လက်စား နှင့် နေ့စားလုပ်ကိုင်သူများ စားဝတ်နေရေးကျပ်တည်းလျှက် ရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက အလုပ်အကိုင်ရှားပါးသည့် ပြဿနာများကို ရင်ဆိုင်နေရပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှု မရှိခြင်း၊ စျေးနှုန်း အဆမတန် ကြီးမြင့် လာခြင်းတို့ကြောင့် စားဝတ်နေရေးအတွက် အခက်ခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။
“အလုပ်အကိုင်က အရင်လိုမကောင်းဘူး။ ကုန်ဈေးနှုန်းတက်ပေမဲ့လည်း နေ့စား လုပ်နေရတဲ့လုပ်အားခက မထူးတော့ ထမင်းနပ်မှန်အောင် စားဖို့တောင်မလွယ်ဘူး” ဟု ဆိုင်ကယ်ကယ်ရီ မောင်းနင်း၍ မိသားစု စားဝတ်နေရေးရုန်းကန်နေရသူ အသက် ၄၈ နှစ်ရှိ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အခြေခံ စားသုံးကုန်ဖြစ်သည့် ဆန်ကြမ်းစျေးသည် မတ်လ ပထမပတ်က တစ်အိပ်လျှင် ၆၀,၀၀၀ ကျပ် ၊ စားသုံးဆီဈေးမှာ ၁ ပိဿာလျှင် ၆,၀၀၀ ကျပ် ရှိခဲ့ရာမှ ယခု ဧပြီလ ပထမပတ်တွင် ဆန်ကြမ်း တစ်အိတ် ၆၇,၀၀၀ ကျပ်အထိမြင့်တက်လာခဲ့ပြီး စားသုံးဆီဈေးမှာ ၁ပိဿာလျှင် ၇,၀၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။
မအူပင်ခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ဆန်ကြမ်းမဝယ်နိုင်၍ ဆန်ကွဲ၀ယ်စား နေရသည့် ဒေသခံများရှိနေပြီး စားဝတ်နေရေးအတွက် ပိုင်ဆိုင်သည့် လယ်နှင့် ခြံမြေများ ကိုပါ ရောင်းချနေသူများလည်း ရှိကြောင်းသိရသည်။
#ဧရာ၀တီတိုင်း #အခြေခံစားသောက်ကုန် #လစဉ်မြင့်တက် #လက်လုပ်လက်စား #စားဝတ်နေရေး #ကျပ်တည်း #Ayeyarwaddy_Times