နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၃ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မြန်မာနိုင်ငံကို အမှန်တကယ်ငြိမ်းချမ်းစေချင်လျှင် ၎င်းအပါအဝင် စစ်ကောာင်စီ(စစ်တပ်)တစ်ခုလုံး ကိုယ်နှင့်မဆိုင်သည့် နိုင်ငံရေးမှထွက်ရန် CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးသည် စစ်ကောင်စီ ရှိနေသရွေ့ ဆည်ဝတွင် အမှိုက်ပိတ် နေသလို စီးဆင်းနိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးသူများသည် သူခိုးထံမှ အကျင့်စာရိတ္တ ကောင်းကြောင်း ထောက်ခံချက်ယူသည်နှင့်တူသည်ဟု CDM ဗိုလ်ကြီးက ဆိုသည်။
နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရည်ရွယ်၍ ရိုးသားစွာဖြင့် ၎င်းတို့နှင့် လာရောက်ဆွေးနွေးမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောစကားအပေါ် CDM ဗိုလ်ကြီးက ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင်သည် မတ်လ ၃၁ ရက်က ၎င်း၏လက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ NON CDM များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
“မင်းအောင်လှိုင်အနေနဲ့ နိုင်ငံကို တကယ်ငြိမ်းချမ်းစေချင်ရင် လုပ်ရမှာက ရှင်းရှင်းလေး။ စစ်တပ်ဟာ ကိုယ်နဲ့မဆိုင်တဲ့ နိုင်ငံရေးကနေ ထွက်လိုက်။ ဒါဆို အခုဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေ အားလုံးမဟုတ်တောင် အတော် များများ ပြေလည်သွားလိမ့်မယ်။ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို ဆက်လက်ဖော်ဆောင်ဖို့ လမ်းပွင့်သွားလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ နိုင်ငံရေးမှာ စစ်တပ်ရှိနေသရွေ့ကတော့ ဆည်ဝမှာ အမှိုက်ပိတ် နေသလိုပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဘယ်လိုမှ စီးဆင်းနိုင်မှာ မဟုတ်ဘူး” ဟု CDM ဗိုလ်ကြီး ဗစ်တာက ပြောသည်။
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးအတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အခြေခံဆောင်ရွက်ရမည့် အချက် နှစ် ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ဖြစ်ပြီး ငြိမ်းချမ်းရေးကို လိုလားသည့် မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုမဆို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ထားကြောင်း စစ် ခေါင်းဆောင်က ဆိုထားသည်။
“အခုအချိန်မှာ စစ်တပ်ရဲ့ သတ်မှတ်ချက်တွေအောက်ကနေ ဆွေးနွေးနေကြတဲ့ EAOs အဖွဲ့တချို့လည်း ရှိနေတာကို မြင်ရတယ်။ ဒါဟာ သူခိုးအုပ်ချုပ်ရေးမှူးဆီကနေ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်သွား ယူသလို ဖြစ်နေတယ်။ ဒီမိုကရေစီစံနှုန်းတွေကို တန်ဖိုးထားတဲ့ အဖွဲ့တွေကတော့ အခုအချိန်မှာ ဒီစစ်တပ်နဲ့ ဆွေးနွေးမှာ မဟုတ်ပါဘူး” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် NUG နှင့် PDF တို့ကို ပံ့ပိုးပေးနေသည့် EROs အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု မတ်လ ၂၇ ရက် တော်လှန်ရေး နေ့တွင် ပြောဆိုခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာထားသော ၃၇ မြို့နယ်နှင့် EROs ထိန်းချုပ်နယ်မြေများအတွင်း စစ်အင်အား တိုးချဲ့ခြင်း၊ ကုန်းကြောင်းလေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
တစ်ဖက်က ထိုသို့ လုပ်ဆောင်နေသော်လည်း လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် အပစ်ရပ် တိုင်းရင်းသားလက်နက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံလျက်ရှိသည်။
စစ်ကောင်စီ၏ NSPNC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်ခုနစ်ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့အပြင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့တို့နှင့်ပါ နေပြည်တော်၌ တွေ့ဆုံထားသည်။
#စစ်ခေါင်းဆောင် #ပြည်တွင်းငြိမ်းချမ်းရေး #သူခိုး #Ayeyarwaddy_Times