ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁၊ ၂ဝ၂၂

ပဲခူးတိုင်း၊ ပြည်မြို့ရှိ အာဏာသိမ်းစစ်တပ်မှ ခန့်အပ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတချို့ကို စစ်တပ်မှ လက်နက်ကိုင်ဆောင်ခွင့်ပြုကာ ပြည်သူများအပေါ် ဖိနှိပ်စေရန် ဆောင်ရွက်ခိုင်းထားကြောင်း ပြည်မြို့ခံများထံမှ သိရသည်။

ပြည်မြို့အတွင်း ယခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေသော လုယက်မှုများတွင် ၎င်းတို့နှင့် နီးစပ်သော သူများမှ လက်နက်ပြ ကျူးလွန်နေပြီး အာဏာသိမ်းစစ်တပ်မှ လုံခြုံရေးဟု အကြောင်းပြကာ လက်နက်ကိုင်ဆောင်ခွင့် ပြုထားခြင်းဖြစ်ကြောင်း ပြည်မြို့ခံတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

”သူတို့(ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး)က တခါတရံ အပြင်သွား၊ အပြင်လာတောင်မှ လက်နက်ကို ဆောင်သွားကြတယ်။ စစ်တပ်ကလည်း သူတို့ကို ကိုင်ဆောင်ခွင့် တရားဝင်ပေးထားတယ်။ သူတို့လုံခြုံရေးဆိုပြီးတော့။ ပြီးတော့ စစ်တပ်က သူတို့ကိုလည်း လက်နက်နဲ့ စစ်သင်တန်းတွေ ပေးထားပြီးသားဖြစ်တယ်” ဟု ပြည်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင် တဦးက ပြောသည်။

ဇူလိုင် ၁ဝ ရက်နေ့က ပြည်မြို့တွင် ဖြစ်ပျက်ခဲ့သော လုယက်မှုကို ကျူးလွန်သူများသည် အုန်းတောရပ်ကွက်နေ ဗညားဆိုသူနှင့် အပေါင်းအပါများက ကျူးလွန်ခြင်းဖြစ်သော်လည်း အာဏာသိမ်း စစ်တပ်ဘက်မှ တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်မြို့တွင် မကြာခဏ ဆိုင်ကယ်အခိုးခံရခြင်း၊ လုယက်မှုများ ဖြစ်ပွားနေသော်လည်း အာဏာသိမ်းစစ်တပ်ဘက်မှ အမှန်တကယ် ကျူးလွန်သူများကို လက်ရဖမ်းဆီးခြင်း မရှိသေးပေ။

ပြည်မြို့တွင်သာမက ယခုနောက်ပိုင်း ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်များ ဖောက်ထွင်းခံရခြင်း၊ ဆိုင်ကယ်နှင့် ကားများ အခိုးခံရခြင်းအပြင် လမ်းသွားနေစဉ် ဖုန်းနှင့်တကွ ငွေကြေးများ အလုယက်ခံရသော်လည်း ဒေသဆိုင်ရာ ရဲစခန်းများတွင် တိုင်ကြားရန် များစွာ အခက်အခဲဖြစ်နေကြရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ရက်အတွင်း ဗုံးခွဲတိုက်ခိုက်ခံရမှုများကြောင့် တချို့သော မြို့နယ်အတွင်းရှိ စစ်တပ်အရာရှိအိမ်များ၊ စစ်မှုထမ်းဟောင်း အိမ်များအပါအဝင် ပြည်သူများ၏ နေအိမ်တချို့တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများကို စစ်တပ်မှ လိုက်လံသိမ်းဆည်းနေသော်လည်း ယခုလို မန္တလေးမြို့ အပါအဝင် ပြည်သူများ၏ ဆိုင်ကယ်နှင့် ကားများ အခိုးခံရသည့် ဖြစ်စဉ်များနှင့် ပက်သက်ပြီး CCTV မှတ်တမ်းများနှင့် သွားရောက် တိုင်ကြားသော်လည်း ရဲတပ်ဖွဲ့မှ အရေးတယူ ဆောင်ရွက်ခြင်း မရှိကြောင်း မန္တလေးမြို့ခံ တဦးကလည်း ဝေဖန်လိုက်သည်။

”ကိုယ့်အိမ်က CCTV တွေမှာ ဘယ်အချိန်၊ ဘယ်သူက၊ ဘယ်လိုခိုးသွားတယ်ဆိုတာကို သွားတိုင်လဲ တိုင်ချက်ယူတယ်။ မှတ်တမ်းတွေ ယူထားတယ်။ တလကျော်သာ ကြာတယ်။ ဘာမှထူးမလားဘူး။ ကျနော်တို့ ဆိုင်ကယ်တွေက အခိုးခံလိုက်ရပြီဆိုတာနဲ့ နောက်နေ့ အစီးလိုက်တွေ့မယ်မထင်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ လုံခြုံရေးကို သူတို့က အပြည့်အဝ တာဝန်ယူပါတယ်၊ ဘာညာ လျှောက်သာပြောနေတာ။ တကယ်ဖြစ်ရင် ကိုယ်ဖြစ် ကိုယ်ခံပဲ။ ပစ္စည်းတွေ ပျောက်တာ၊ ဖုန်းတွေ အလုခံရတာ နေရာအနှံ့ လူမှုကွန်ယက်တွေမှာ ကြားနေရတာပဲ။ အဲ့လိုလုပ်တဲ့သူတွေကလည်း သူတို့(စစ်တပ်၊ ရဲ)နဲ့ မကင်းရာ မကင်းကြောင်းတွေချည်းပဲ” ဟု မန္တလေး မြို့ခံတဦးက ဆိုသည်။