ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ခွက်မကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းဝင်း ဇူလိုင်လ ၁၀ ရက် မနေ့ညနေ ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်မောင်းနှင်နေတုန်း ဇရစ်မြှောင်ရွာအနီး ညနေ ၆ နာရီ ၃၀ ဝန်းကျင်လောက်မှာ အမည်မသိလူတဦးက ပစ်ခတ်သွားတာလို့ဆိုပါတယ်။

” သူ(အုပ်ကြီး) ဆိုင်ကယ်စီးနေတုန်းပစ်သွားတာ။ ပစ်တဲ့သူကလည်းဆိုင်ကယ်နဲ့လာတာ တယောက်ထဲရယ်။ တယောက်ချင်းတွေ့ပြီးပစ်တော့လက်ချော်သွားတာထင်တယ်၊မသေဘူး။ လက်ဖျံတချက်၊လက်မောင်းတချက်ထိတယ်” လို့ မင်းလှမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပစ်ခံရတဲ့အုပ်ကြီး ထွန်းဝင်းဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးအကြီးစားဒလန်တဦးဖြစ်ပြီး သူ့ကြောင့် ဖမ်းဆီးခံထားရသူနဲ့ ဖမ်းဝရမ်း ထုတ်ပြန်ခံထားရသူ ဒေသခံအများအပြားရှိတယ်လို့သူကဆက်လက်ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်လို့ တစုံတရာထုတ်ပြန်ထားတာမတွေ့ရပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာလည်း PDF ကင်းစင်အောင်လုပ်မယ်လို့ကြွေးကြော်ထားတဲ့ အုတ်ဖိုမြို့ နယ်ကလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် PDF ကမနေ့ကထုတ်ပြန်ထားပါတယ်။