ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းရေးနဲ့ အာဆီယံအဖွဲ့နဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်း ရေး သဘောတူညီချက်တစ်ရပ်ကို တာဝန်ခံရေး မြန်မာစစ်အုပ်စုကို ဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတရုတ်နဲ့အာဆီယံနိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ တရုတ်နိုင်ငံမှာ တာဝန်ရှိပါတယ် လို့ အန်တိုနီဘလင်ကန်က ဆိုပါတယ်။ ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်အုပ်စုက တာဝန်ခံစေဖို့ အာရှရီးစဉ်အတွင်း ဗန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က အာဆီယံနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာအာဏာသိမ်းစစ်အုပ်စု လိုက်နာ ရေးအတွက် ဒေသတွင်းပံ့ပိုးမှုက အရေးကြီးပေမယ့် ဖြစ်မလာခဲ့ပါဘူး လို့ ဘလင်ကန်က ပြောကြားပါတယ်။

အာဆီယံနိုင်ငံတွေက စစ်အုပ်စု တာဝန်ခံစေရေးဆောင်ရွက်ဖို့ လိုအပ်ပြီး အကြမ်းဖက်မှုရပ်စဲရေးနဲ့ အ ကျဉ်းသားတွေ လွှတ်ပေးရေး ဆက်လက်တောင်းဆိုရမှာဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်ကိုးနိုင်ငံနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့က အကြမ်းဖက်မှု ချက်ချင်း ရပ်စဲရေးနဲ့ အဖွဲ့အစည်းတွေအားလုံးကြား ဆွေးနွေးမှုတွေပြုလုပ်ဖို့ပါရှိတဲ့ သဘောတူညီချက်တစ်ရပ်ကို ပြီးခဲ့တဲ့ နှစ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း လူမျိုးစုလက်နက်ကိုင်အဖွဲ့များပေါ် ဖိအား ပေးမှု တိုးမြှင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံမှုတွေကိုမျက်နှာစာ အသီးသီးမှာ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းရှိ လေပိုင်နက်အတွင်း မြန်မာစစ်လေယာဉ် တစ်စင်း ဝင်ရောက်လာမှုကြောင့် ထိုင်းစစ်တပ်က ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရပါသေးတယ်။ မြန်မာနိုင် ငံက ထိုင်းနိုင်ငံနဲ့ ကီလိုမီတာ ၂၄၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

ကိုးကား – Reuters
Ref; Blinken Calls on China, ASEAN Countries to Hold Myanmar Accountable