
မင်းခ/ဧရာဝတီတိုင်းမ်
ဧရာဝတီ၊ ဇူလိုင်လ ၁၁ ရက်
စစ်အာဏာသိမ်းပြီးနောက်ပိုင်းဧရာဝတီတိုင်းမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေတာကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စားအုန်းဆီ ၁ ပိဿလျှင် ၈၀၀၀ ကျပ်၊ ပဲလတ်ဆီ ၁ ပိဿလျှင် ၈၇၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿ ၁၇၀၀ – ၁၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿ ၃၅၀၀ ကျပ် အထိ ပေါက်စျေးရှိနေတယ်လို့ ပုသိမ်မြို့ခံ အခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။
” အာဏာသိမ်းပြီးကတည်းက စျေးတွေတက်သွားလိုက်တာ။ ဆီတစ်ပိဿ ၈၀၀၀၊ အရင်က မေဇင်၊ ဂွတ်ဒ်ဒီဆို အရင်က ၂၃၀၀ – ၂၅၀၀ ခုက ၆၀၀၀ ကျော်ပြီ။ အရင်က ငရုတ်တစ်ပိဿ ၂၀၀၀ ဝန်းကျင်ပေါ့။ ဒီနှစ်တော့ ရှစ်ထောင်နဲ့ တစ်သောင်းကြားရှိတယ်” လို့ ပုသိမ်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မအူပင်မြို့နယ်တွင်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်လျှက်ရှိနေပြီး စားအုန်းဆီပြတ်လပ်နေတယ်လို့ မအူပင်မြို့ခံ အခြေခံစားသောက်ကုန်ရောင်းချသူအချို့က ဆိုပါတယ်။
အလားတူ ဆန်စျေးနှုန်းမှာလည်း ယခင်ကထက် ၂ ဆကျော် မြင့်တက်လျှက်ရှိနေပြီး ဆန်အကြမ်းတစ်အိတ်လျှင် ၃၅၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေတယ်လို့ ပုသိမ်မြို့ခံ ဆန်ကုန်သည်တစ်ဦးက ဆိုပါတယ်။
” အရင်က အကြမ်းတစ်အ်ိတ်ကို တစ်သောင်းခွဲ နှစ်သောင်းဝန်းကျင်။ ခုက သုံးသောင်း၊ သုံးသောင်းခွဲဆိုတော့ စျေးတက်တယ်ပဲပြောရမယ်ဗျ။ ဧရာဝတီရှယ်ဆို ခု ၆သောင်းကျော်နေပြီဗျ။ စားသောက်ကုန်စျေးကတော့ အကုန်လုံးပြန်ကျမယ့်အလားအလာမရှိဘူး။ ထပ်ပြီးတက်ဖို့ပဲရှိမယ်ဗျ” လို့ ပုသိမ်မြို့ခံ ဆန်ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ဆီ၊ကြက်သွန်နှင့် ငရုတ်စျေးနှုန်းများ စစ်အာဏာမသိမ်းခင်ကထက် ၃ ဆ ကျော် ၄ ဆ နီးပါး မြင့်တက်နေမှုကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ စားဝတ်နေရေးကြပ်တည်းလျှက်ရှိနေကြောင်း ပုသိမ်၊ ဟင်္သာတ၊ မအူပင် မြို့ခံများထံမှ သိရသည်။
” ကုန်စျေးနှုန်းတွေက တစ်နေ့တခြားတက်နေတာ။ ဓာတ်ဆီစျေးတက်ရုံတင်မကဘူး စားသောက်ကုန်တွေပါစျေးတက်နေတော့ တစ်နေ့လုပ်တစ်နေ့စားသမားတချို့ဆို ဆီမပါ ပြားမပါရေလုံပြုတ်နဲ့ နှစ်ပါးသွားနေရတယ်”လို့ ဟင်္သာတမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်ကာလအတွင်း စက်သုံးဆီစျေး ၂ ဆ ကျော်မြင့်တက်လာမှု၊ စိုက်ပျိုးရေးသွင်းအားစုများ ၃ ဆကျော် စျေးတက်နေမှုတို့ကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းမှု လက်ရှိပေါက်စျေးထက် ထပ်မံမြင့်တက်လာနိုင်သေးတယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်