ဧရာဝတီတိုင်းမ်
ဧပြီလ ၃ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ ကမ်းနားလမ်း မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ဧပြီလ ၂ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနက် ၃ နာရီကျော်လောက် ဗုံး ၁ လုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး မနက် ၆ နာရီကျော်လောက်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးပေါက်တဲ့အချိန်က မနက်အစောကြီးဆိုတော့ အသံတော့ကြားလိုက်တယ်၊ စစ်သားနဲ့ရဲတွေတောင်မနက်မှ လာစစ်ကြတာ၊ ပေါက်တဲ့အချိန်က ညမထွက်ရအချိန်မှာ ဖြစ်တာဆိုတော့ လမ်းသွားလမ်းလာမရှိတော့ စွတ်စွဲဖမ်းဆီးတာမျိုးတော့မရှိသေးပါဘူး”လို့ မြို့ခံ အမျိုသားတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဒုတိယထပ် ညာဘက် ထောင့် ၀ရံတာမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အုတ်နံရံ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ပြီး မနက်အစောကြီးဖြစ်တာကြောင့် ရုံးမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ရဲတပ်ဖွဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
အဆိုပါဖောက်ခွဲမှုကို ဧရာဝတီစစ်ဒေသခွဲရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့နဲ့ ဝါးခယ်မ ပကဖ အဖွဲ့တို့က ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ လယ်ယာလုပ် တောင်သူများကို စိုက်စားရိတ် ပြန်လည်ပေးကြဖို့နဲ့ မပေးဆောင်ပါက လယ်သိမ်းမယ်လို့ ခြိမ်းခြောက် အကျပ်ကိုင်တောင်းရမ်းနေတဲ့ ဌာနတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
စိုက်ဘဏ် မန်နေဂျာ၊ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး ဘဏ်တာဝန်ခံများဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်ဆိုရင် ဘယ်သူမဆို ထိရောက်စွာ အရေးယူတိုက်ခိုက်သွားမှာဖြစ်ကြောင်း ဧရာဝတီလင်းပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
#ဝါးခယ်မမြို့ #စိုက်ပျိုးရေးဘဏ် #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times