ဧရာ၀တီတိုင်းမ်
ဧပြီလ ၃ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် လှေကြီးတက် ကျေးရွာ အုပ်စု တပ်ကုန်းရွာမှာ ဧပြီ ၁ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တပ်ကုန်းရွာ အနောက်ဖက် ဗူးခုံ သီဟိုဠ်ခြံ နဲ့ လယ်ကွင်းမှာနေထိုင်တဲ့ အသက် (၅၆) နှစ် အရွယ် ဦးကြည်လွင် ဟာ သူနေထိုင်တဲ့ လယ်ကွင်းအနီးက ရှောက်ချောင်း ချောင်းထဲမှာ ရေချိုးဆင်းနေတဲ့အချိန် တောဆင်ရိုင်းအုပ်နဲ့တွေ့ပြီး အနင်းခံရကာ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သူ(ဦးကြည်လွင်) ရေသွားချိုးတဲ့ ချောင်းနောက်နားမှာ တောဆင်ရိုင်းငါးကောင်ရှိနေတာ ဘယ်လိုမှ ပြေးလို့မလွတ်တော့ဘူး။ အလောင်းကိုတောင် ဆင်ကြောက်လို့ ဧပြီ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာမှ သစ်တောနဲ့ရဲတပ်ဖွဲ့တွေလာလို့ သွားကောက်ရတယ်။ ဆင်အုပ်လိုက် အနင်းခံရတာမို့ အလောင်းတောင် ရစရာမရှိတော့ဘူး” လို့ဒေသခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၂ရက်နေ့က သာပေါင်းမြို့နယ် ပျဥ်းမထုံးကျေးရွာအုပ်စု ၊ ခုနှစ်ပင် တောမှာ ထင်းခုတ်သွားတဲ့ ဦးချိုဌေး နဲ့ မတ်လ ၂၈ရက် နေ့မှာတော့ လှေကြီး တက် ကျေးရွာအုပ်စု သုံးမိုင်က သီဟိုဠ်ခြံလုပ်သားဒေါ်ရီရီတင်တို့ တောဆင်ရိုင်း အနင်း ခံရပြီး သေဆုံးခဲ့တာကြောင့် ဆင်ကြောင့် သေဆုံးသူ၃ဦးထိရှိလာပြီလို့ သိရပါတယ်။
သာပေါင်းမြို့နယ်အတွင်းမှာ ဆင်ကြောင့် သေဆုံးခဲ့ရသူများရှိသလို ဆင်သတ်မုဆိုးတွေ လက်ချက်ကြောင့် မတ်လအတွင်းမှာ တောဆင်ရိုင်း သုံးကောင် သေဆုံးခဲ့ရပါတယ်။
တောဆင်ရိုင်းတွေဟာ ဆင်သတ်မုဆိုးတွေကြောင့် တောထဲမှာ မနေရဲတော့ဘဲ တောအစပ်တွေနဲ့ ကျေးရွာတွေအနီးမှာ အစာရှာလာပြီးနောက်ပိုင်း ဒေသခံတွေနဲ့တွေ့ရင် အသက်အန္တရာယ်ပြု ဒုက္ခပေးတာမျိုးတွေပြုလုပ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောဆင်ရိုင်းတွေကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် တောထဲတွင် ယခင်ကလို့ သစ်တောရဲတွေနဲ့ ကင်းလှည့်တာမျိုး သိပ်မလုပ်နိုင်တော့တာကြောင့် တောဆင်ရိုင်းတွေ အသတ်ခံရတာ ပိုများလာပြီး ဆင်နင်းခံရလို့ သေဆုံးရတာတွေလည်း ပိုမိုများလာတယ်လို့ ဒေသတွေက ဧရာ၀တီတိုင်းမ် သတင်းဌာနကို ပြောကြားပါတယ်။
#ဧရာ၀တီတိုင်း #သာပေါင်းမြို့နယ် #ဆင်နင်း #သေဆုံး #ဆင်မုဆိုး #တောဆင်ရိုင်း #သတ်ဖြတ် #Ayeyarwaddy_Times