ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ ဧပြီလ ၃ ရက်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ မဒေါက်ကျေးရွာအနီးတွင် ဧပြီလ ၁ ရက်နေ့ နေလယ်ပိုင်းအချိန်၌ စစ်ကောင်စီလက်အောက်ခံတပ်နှင့် ဒေသခံတော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မဒေါက်ကျေးရွာအနီး အင်ဝိုင်တွင် မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ ထားသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးပြီး ငါး ဦးဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
ထို့အပြင် အဆိုပါ နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း ဒေသခံ အရပ်သား တစ် ဦး ကျည်ထိမှန် သေဆုံး ခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းကို ကျွန်တော်တို့ ဝိုင်းပိတ်ထားလို့ သူတို့ထိုးဖောက်နေတာ။ ဒီဘက်ခြမ်းမှာက မကြာ၊ မကြာတိုက်ပွဲတွေ ဖြစ်နေတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်အတွင်းရှိ ဒေသခံ ၁၀,၀၀၀ ဝန်းကျင်သည် စစ်ဘေးရှောင်နေရပြီး စစ်တောင်းမြစ်အရှေ့ဘက် ရေတာရှည်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်လေးပင်မြို့နယ် များအတွင်း ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
“စစ်တပ်က ရွာတချို့ကို မီးရှို့တဲ့အလုပ်တွေပါ ဆက်တိုက်လုပ်လာပြီး လေယာဉ်လဲ အမြဲ ကင်းထောက် လာလာဝဲနေတယ်။ တိုက်ပွဲတွေက စစ်ကြောင်းထိုးတဲ့မြို့နယ်ရှိသလို တိုက်ပွဲအနေနဲ့ဖော်ဆောင်နေတဲ့မြို့နယ်တွေလဲရှိပါတယ်” ဟု တောင်ငူခရိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ရွှေကျင်မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ဝောာ် လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား ခုနစ် ဦးဝန်းကျင် သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ထိခိုက်ဒဏ်ရာရရှိ သူအများ အပြားရှိကြောင်း သိရသည်။
#ရွှေကျင် #စစ်ကောင်စီတပ် #တိုက်ပွဲ #အရပ်သား #ကျည်ထိမှန်သေဆုံး #Ayeyarwaddy_Times