ဧရာဝတီတိုင်းမ်
ဧပြီလ ၃ ရက်

စစ်ကိုင်းတ်ိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ယမန်နေ့ ဧပြီ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စီးနင်းတိုက်ခိုက်ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါ နောင်ပိုအောင်စံပြကျေးရွာက စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ် တွေနဲ့ ရမ်းသန်းပစ်ခတ်နေလို့ ဒေသခံ ၁,၀၀၀ ကျော်ဟာ ည ၁၀ နာရီဝန်းကျင်မှာပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

စစ်ရှောင်ရတဲ့ ရှမ်းရွာတွေကတော့ မိုးလင်းရွာ၊ သဖန်းကုန်းရွာ၊ မာလုံရွာ၊ မှော်စိန်ရွာနဲ့ ဆတ်ကယား စတဲ့ရွာတွေဟာ နောင်ပိုအောင်စံပြကျေးရွာကို အမှီပြုနေတဲ့ ကျေးရွာတွေဖြစ်တယ် လို့ ဒေသခံတွေကဆိုပါတယ်။

“ညက စစ်ကောင်စခန်းဝင်အတိုက်ခံရတာလို့ သိရတယ်။ သေနတ်သံတွေဆူညံနေရော နောင်ပိုအောင်နဲ့ နီးစပ်တဲ့ရွာတွေက အကုန် ဘေးလွတ်ရာကို ထွက်ပြေးရတယ်။ မသွားလာနိုင်တဲ့ သူတွေကတော့ တောစပ်တစ်နေမှာ ပုန်းနေရတာပေါ့။ စစ်တပ်နဲ့ ရှမ်းနီတပ်တွေက သိတဲ့အတိုင်း တိုက်ပွဲဖြစ်ပြီဆို ရမ်းပစ်တော့တာပဲ” လို့ နောင်ပိုအောင်စံပြကျေးရွာမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ထိုတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိခိုက်မှုရှိ မရှိကို နှစ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့ နောင်ပိုအောင် ဒေသခံတွေကပြောပါတယ်။

ဒါ့ပြင်နောင်ပို အောင်စံပြကျေးရွာအဝင်မှာ တပ်စွဲနေတဲ့ အဲ့ဒီ စစ်ကောင်စီတပ်၊ ရဲနဲ့ ရှမ်းနီတပ်တွေဟာ ချင်းတွင်းမြစ်အတွင်မှာ သွားလာနေတဲ့ ရေယာဥ်တွေကို အဓမ္မ ဆက်ကြေးကောက်ခံနေတဲ့အဖွဲ့တွေလည်း ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

#နောင်ပိုအောင်ကျေးရွာ #တပ်စွဲ #စစ်ကောင်စီရှမ်းနီစခန်း #စီးနင်းတိုက်ခိုက်
#ဒေသခံ(၁၀၀၀)ကျော် #စစ်ဘေးရှောင်
#Ayeyarwaddy_Times