နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၃ ရက်

ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော အာဏာသိမ်း စစ်ခေါင်းဆောင်များပါမှ မြန်မာ့အနာဂတ်က ဆက်သွား၍ရမည်ဆိုသော နိုင်ငံတကာ၏ တွေးထင်မှုမျိုးသည် အလွန်ရင်လေးစရာကောင်းပြီး မြန်မာြပည်သူလူထု၏ သဘောထားဆန္ဒနှင့်လည်း လုံးဝကိုက်ညီမှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်သည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကမ္ဘာ့ဒီမို ကရေစီ အင်အားကြီး တိုင်းပြည်များဖြစ်သော ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန် စသည့်နိုင်ငံများက စိုးရိမ်ရှုတ်ချခဲ့ပြီး အားလုံးပါဝင်သော မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်ရန် တိုက်တွန်းခဲ့သည်။

“အားလုံးပါဝင်တဲ့ ကိစ္စကို ပြောချင်တာက မြန်မာနိုင်ငံမှာ ဒီလိုမျိုး အာဏာသိမ်း မှုတွေ ထပ်ဖြစ်လာပြီး အခုလိုမျိုး စစ်တပ်က မတရား လက်နက်အားကိုးပြီး အနိုင်ကျင့်တဲ့ ဖြစ်ရပ်တွေကို ဒီအချိန်မှာ အဆုံး သတ်ဖို့ ပြည်သူလူထုတရပ်လုံးက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ခိုင်မာတဲ့၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချထားမှုကိုတော့ နိုင်ငံတကာက သိမြင်ဖို့ လိုပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ရာဇဝတ်မှုများစွာ ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင်တွေပါမှ မြန်မာ့အနာဂတ်က ဆက်သွားလို့ရမယ်ဆိုတဲ့ တွေးထင်မှုမျိုးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တော်တော်လေး ရင်လေးစရာ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီး ပြည်သူလူထုရဲ့ သဘောထားဆန္ဒနဲ့လည်း လုံးဝကိုက်ညီမှု မရှိဘူးဆိုတာ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ရပ်တန့်စေချင်သည်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အမှန်တကယ် ကာကွယ်ပေးချင်သည်ဆိုလျှင် နိုင်ငံတကာအနေဖြင့် တိုက်တွန်းခြင်း၊ စိုးရိမ်ခြင်းတို့ ထက်ပိုသော ဆောင်ရွက်ချက်များကို ထိထိမိမိ လုပ်ကိုင်နိုင်ရန် လိုအပ်သည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။

“ကုလသမဂ္ဂကလည်း ဒါတွေဟာ ဒီမိုကရေစီချုပ်ငြိမ်းသွားတဲ့ အနေအထားအောက်မှာ သူ့အနေနဲ့ သဘောထားဖော်ပြဖို့ လိုအပ်လို့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်သင့်တယ်လို့ ပြောတာပါ။ တကယ်တမ်း လက်တွေ့က မဖြစ်နိုင်ပါဘူး။ စစ်ကောင်စီက သူတို့ရဲ့ စစ်တပ်ပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာရအောင်နဲ့ အဲဒီကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ရေးကို ဦးတည်ပြီး စီစဉ်ထားတဲ့ ရွေးကောက်ပွဲဖြစ် တဲ့အတွက် ဘယ်လိုမှ အားလုံးပါဝင်တာလည်း မဖြစ်နိုင်ဘူး၊ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်ကြိုးစား နေသော်လည်း လက်ရှိအခြေအနေအရ ကျင်းပမည့်ကာလကို သတ်မှတ်နိုင်ခြင်း မရှိသေးသလို အာဆီယံဘုံသဘောတူမူ ငါး ချက် အပါအဝင် နိုင်ငံတကာ၏ တိုက်တွန်း မှုများကိုလည်း ဥပေက္ခာပြု၍ ၎င်းတို့အာဏာ တည်မြဲရေးကိုသာ ဆက်လက်လုပ်ကိုင် နေသည်။

“စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းကို ကျွန်တော်တို့ ဖယ်ဖို့ပြောနေတာ မဟုတ်ဘူး။ စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းကို အသစ်ကစပြီးတော့ ပြန်လည်ထူထောင်၊ အစားထိုး ထူထောင်ဖို့ကိစ္စကို ကျွန်တော် တို့တွေအားလုံး ကြိုးစားနေတာ ဖြစ်ပါတယ်ဗျ။ PDF တွေ၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ ဒါတွေအားလုံး ပေါင်းပြီးတော့ တစ်ချိန်ကျရင် အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာသာရှိတဲ့ တပ်မတော် တစ်ခုကို ကျွန်တော်တို့ ထူထောင်သွားဖို့ အခုကတည်းက စနစ်တကျနဲ့ ဝိုင်းဝန်းကြိုးစားနေကြတာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ပူးတွဲထုတ်ပြန်ခဲ့သည့် ပြည်သူ့ တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူးကြေညာစာတမ်းတွင် နိုင်ငံရေးနယ်ပယ်၌ ပါဝင် ပတ်သက်မှု လုံးဝကင်းရှင်းပြီး နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်ကိုသာ ထမ်းရွက်သော၊ အရပ်သားအစိုးရ၏ ကွပ်ကဲမှုကို လိုက်နာခံယူသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စား ပြုပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” ကို တည်ထောင်ရန် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

#စစ်ခေါင်းဆောင် #နိုင်ငံတကာ #မြန်မာ့အနာဂတ် #NUG #Ayeyarwaddy_Times