
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီလ ၂ ရက်)
စစ်ရှောင်စခန်းတွေမှာ သန့်ရှင်းတဲ့ရေရှားပါးမှု ၊ လူနေထူထပ်မှု ၊ မိလ္လာ အဆောက် အအုံ(အိမ်သာ) နည်းပါးမှု နဲ့ အမှိုက်စွန့်ပစ်စနစ်မကောင်းမှုတွေကြောင့် ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားလေ့ရှိပါတယ်။ အဲ့ဒီအရာတွေက အရေပြားရောဂါ ကူးစက်စေတဲ့ အကြောင်းရင်းထဲမှာ ပါပါတယ်။
အဖြစ်များတတ်တဲ့ အရေပြားရောဂါတွေဖြစ်တဲ့ ဝဲရောဂါ၊ မှိုပိုးတွေကြောင့်ဖြစ်တဲ့ပွေး၊ ဗိုင်းရပ်ပိုးတွေကြောင့်ဖြစ်တဲ့ ရေကျောက်ရောဂါတွေအကြောင်းကို အရင်တစ်ပတ်က ပြောပြခဲ့ပြီးဖြစ်တာမို့ နောက်ထပ် အရေပြားပြဿနာတွေဖြစ်တဲ့ နှင်းခူ ၊ အင်ပြင် ၊ ပြည်တည်တဲ့ အရေပြားအနာ အကြောင်းနဲ့ အင်းဆက်ပိုးမွှားတွေကိုက်ရင် ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို ကျန်းမာရေး အသိပညာ ပေးသွားမှာဖြစ်ပါတယ်။
အရေပြားရောဂါတွေကို ကုသဖို့အတွက် လိမ်းဆေး၊ ပိုးသတ်ဆေးလို့သိကြတဲ့ ပဋိဇီဝဆေး၊ မှိုသတ်ဆေးနဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေလိုအပ်ပါတယ်။ ရောဂါရှာဖွေ ကြည်ရှု့ စမ်းသပ်ပြီး မှန်မှန်ကန်ကန်ကုသဖို့အတွေ့အကြုံရှိတဲ့ ဆရာဝန် လိုအပ်ပါတယ်။
နှင်းခူ အင်ပြင်ရောဂါ Atopic Dermatitis, Eczema
ဓာတ်မတည့်မှုတစ်ခုခုနဲ့ကြုံတဲ့အခါ အရေပြားက နီရဲရောင်ရမ်းပြီး ယားတတ် ကြပါတယ်။ အရေပြားခြောက်သွေ့အက်ကွဲပြီး အဖြူအဖတ် အဖတ်တွေ ကွာကျတဲ့အထိ ပြင်းထန်တတ် ပါတယ်။
အမှုန်အမွှားတွေဖြစ်တဲ့ ဖုန်မှုန့် ၊ သဲ နဲ့ ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရိစ္ဆာန် အမွေးတွေ ခူကောင်လို အင်းဆက်အမွေးတွေ ၊ ဆပ်ပြာအပြင်း၊ အလှကုန်ပစ္စည်း အစွန်းချွတ်ဆေး နဲ့ ကြမ်းတမ်း မာကြောတဲ့အဝတ်အထည်တွေကြောင့်လည်း အရေပြားရောဂါ ဖြစ် တတ်ပါတယ်။
ကူးစက်ရောဂါမဟုတ်
အဲ့ဒီလို အရေပြားရောဂါဟာ အသားနုနု ကလေးငယ်တွေမှာ အဖြစ်များသလို လူကြီး လူလတ်ပိုင်း အသက်အရွယ်အကုန်လုံးမှာ တွေ့ရပါတယ်။ ဒါဟာ ကိုယ်ခန္ဓာက တုံ့ပြန်လို့ ဓါတ်မတည့်လို့ ဖြစ်တာပါ။ ကူးစက်ရောဂါမဟုတ်ပါ။ ဒါကြောင့် ဟိုတစ်ယောက် ဒီတစ်ယောက်ပဲ ဖြစ်ပါမယ်။ စစ်ရှောင်တွေအကုန်ပျံ့နှံ့ကူးစက်တာမျိုး မရှိပါဘူး။ စိတ်ညစ် ၊ စိတ်ပင်ပန်း စိတ်ဖိစီးတာတွေကလည်း နှင်းခူကို ပိုဖြစ်စေပါတယ်။
ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်တွေ ၊ ချွေးထွက်များသူတွေ၊ ကင်ဆာရောဂါသည်တွေလို ခုခံအားနည်းနေသူတွေ ၊ ဖုန် ၊ သဲ၊ အမှုန်အမွှား ၊ တိရစ္ဆာန်အမွေးတွေနဲ့ ထိတွေ့ရင် ဓာတ်မတည့်သူတွေမှာ နှင်းခူ ပိုအဖြစ်များပါတယ်။ နှင်းခူဟာ ခန္ဓာကိုယ်နေရာအနှံ့ ပြန့်ပွားသွားတဲ့ အခါ ပိုယားလာပြီး ချပ်ပြားလိုက် အရေထူကြီး ဖြစ်လာပါတယ်။ ဒါကို ကုတ်ဖဲ့မိတဲ့အခါ သွေးထွက် အနာဖြစ်ပြီး ပိုးဝင်တာ ပြည်တည်တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။
ဘာတွေရှောင်ပြီးဘယ်လိုနေမလဲ
အမှုန်အမွှား ဖုန် ၊ သဲ တိရိစ္ဆာန်အမွေးတွေလို မတည့်တာတွေ အကုန်ရှောင်ရပါမယ်။ ပြင်းပြင်ထန်ထန်ကုတ်ဖဲ့တာမျိုး မလုပ်ရပါဘူး။ လက်သည်းကနေပိုးဝင်တတ်လို့ပုံမှန် လက်သည်းညှပ်ပေးပါ။
hydrocortisone , triamcinolone , betamethasone valerate လို Steriod စတီးရွိုက်ဆေး တွေနဲ့အတူ အရေပြားခြောက်သွေ့တာကိုသက်သာဖို့ စိုထိုင်းစဖြည့် (Moisturizer) ပါတဲ့လိမ်းဆေးတွေညွှန်ရပါမယ်။ အယားပြေဆေးတွေ ညွှန်ရပါမယ်။ ချောင်ချိ ပေါ့ပါးပြီး ပျော့ပြောင်းတဲ့ အဝတ်တွေကို ဝတ်ရပါမယ်။ အရေပြားကို အေးမြနေအောင် ထားပေးရင် ကောင်းပါတယ်။
အင်းဆက်ပိုးမွှားကိုက်ခံရခြင်း Insects bite
စစ်ရှောင်စခန်းတွေမှာ အင်းစက်ပိုမွှား အကိုက်ခံရတာဟာလည်း မကြာမကြာ ကြုံတွေ့ရတဲ့ပြဿနာဖြစ်ပါတယ်။ အသက်အရွယ်လူကြီးလူငယ်မရွေး ကျား၊မ ဘယ်သူ မဆို အင်းစက်ပိုးကိုက်တာ ခံရတတ်ပါတယ်။ ခြင်ကိုက်တာ၊ မှတ်ကိုက်တာ ၊ ပုရွက်ဆိတ်ကိုက်တာ၊ ခါချဉ်ကောင်ကိုက်တာ ၊ ပျားတုပ်တာတွေကို စစ်ရှောင်စခန်းတွေမှာ အမြဲကြုံတွေ့ရ တတ်ပါတယ်။
အသက်သေဆုံးနိုင်
အင်းဆက် အကိုက်ခံရလို့ အဆိပ်ပြင်းလွန်းရင် ဆိုးဝါးပြင်းထန်ပြီး ဓါတ်မတည့်တဲ့ တုံ့ပြန်မှုတွေကြောင့် အကိုက်ခံရသူက တစ်ခါတည်း သေသွားနိုင်ပါတယ်။ Anaphylaxis ဖြစ်ရင် အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေပါ။ ပြင်းထန်တဲ့ ဓါတ်မတည့်မှု လက္ခဏာတွေက အနီပြင်ထခြင်း၊ နှလုံးခုန်နှေးပြီး သွေးကြောစမ်းမရခြင်း အသက်ရှူရခက်ခဲခြင်း နဲ့ သွေးလန့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအခါကြရင် အသက်ရှူ လမ်းကြောင်းအတွက် လေရှူပေါက်ဖွင့်ပေးခြင်းလိုမျိုး ဆရာဝန်များရဲ့ အဖွဲ့လိုက် အရေးပေါ် ကုသပေးမှုမျိုးလိုအပ်နိုင်တာကြောင့် ဒီလိုကျန်းမာရေး စောင့်ရှောက်မှုမျိုး လက်လှမ်းမမီ တဲ့အခါ အသက်ဆုံးရှုံးရပါတယ်။ ချက်ခြင်း မကုသနိုင်လို့ အသက် မကယ်နိုင်တာမျိုးတွေ ဖြစ်ကြရတာပါ။
ဖြစ်ပေါ်တတ်တဲ့လက္ခဏာများ
အင်းဆက်ပိုးမွှား အကိုက်ခံရတဲ့နေရာမှာ ယားလာမယ် ၊ နာကျင်လာမယ်၊ ရောင်ရမ်း နီရဲပြီး ပူနွေးလာမယ်။ အဖု၊ အင်ပျဉ်၊ ယားနာ၊ သွေးမှင်ထုံးပြီး ဖူးရောင်တဲ့လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
အင်းစက်ပိုးမွားအကိုက်ခံရတဲ့ လူနာတွေမှာ စိုးရိမ်စိတ်များခြင်း၊ စိတ်ပူခြင်း ၊ စိတ်ရှုပ် ထွေးခြင်း၊ ပျော့ခွေအားနည်းခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မူမမှန်ခြင်းများ (ဥပမာ- ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဆီးဝမ်း ထိန်းမထားနိုင်ခြင်း) မူးဝေခြင်း၊ မေ့လဲကျခြင်း၊ သွေးပေါင်ကျခြင်း၊ အသက်ရှူစဥ် တရွှီရွှီအသံကြားရခြင်း၊ အသက်ရှူ ကျပ်ခြင်း၊ ချောင်းဆိုးခြင်းတွေနဲ့ အမျိုးသမီး တွေမှာတော့ သားအိမ် အောင့်ခြင်းမျိုးတွေ ဖြစ်တတ်ကြပါတယ်။ အဲ့ဒီအရာတွေထက် ဆိုးဝါးပြီး တုံ့ပြန်မှု ပြင်းထန်တဲ့ လူနာ တွေမှာတော့ အသက်ရှုရပ်တန့်ခြင်းနဲ့ နှလုံးခုန်ရပ်တန့်ခြင်းတွေကိုပါ ကြုံ တွေ့ရနိုင်ပါတယ်။
အင်းစက်ပိုးမွားအကိုက်ခံရသူတွေဟာ နှစ်ပါတ်ကြာတဲ့အထိ Delay reaction နှောင့် နှေးတဲ့ တုံ့ပြန်မှုတွေ ပေါ်လာနိုင်ပါတယ်။ အဖျားတက်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက် ခြင်း၊ အင်ပျဉ်ထခြင်း၊ ပြန်ရည်ကြောများကြီးလာခြင်း နှင့် အဆစ်မြစ်များ ရောင်ရမ်း နာကျင်ခြင်းတို့ကိုလည်း ခံစားရမှာပါ။
အင်းဆက်ပိုးမွှားအကိုက်ခံရရင်
အင်းဆက်ပိုးမွှားအကိုက်ခံရရင် ပထမဆုံးအနေနဲ့ လုပ်ဆောင်ရမှာက နောက်ထပ် အကိုက်မခံရအောင် လွတ်ကင်းရာ နေရာပြောင်းရွှေ့ပါ။ အကိုက်ခံတဲ့နေရာကို ဆပ်ပြာနဲ့ ပွတ်ပြီးရေနဲ့ ဆေးကြောရပါမယ်။ ရောင်ရမ်း နာကျင်မှုကို သက်သာစေဖို့အတွက် ရေခဲ သို့မဟုတ် ရေခဲအဝတ် ကပ်ပေး ရပါမယ်။
ယားယံခြင်းကို သက်သာစေဖို့အတွက် အယားပြေဆေး နဲ့ ရောင်ရမ်းခြင်းကို သက်သာ စေဖို့ အရောင်ကျဆေးတွေကို သောက်ရပါမယ်။ အရည်ကြည်ဖုတွေ ဖြစ်လာရင် ဖောက်လိုက်တာတွေမလုပ်ပါနဲ့ ရောဂါပိုးဝင်ရင် ပိုဆိုးနိုင်ပါတယ်။
အင်းဆက်ပိုးမွှား အကိုက်ခံရတာကို ကာကွယ်ဖို့အတွက် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီ ရှည်များ ၀တ်ဆင်ခြင်းတွေကို လုပ်ဆောင်ယုံတင်သာမကပဲ အင်းဆက်တွေကို နှိမ်းနင်းပေးတဲ့ repellant အင်းဆက်ပိုးနှင့် ဆေးရည်တွေ ကိုလည်း အသုံးပြုသင့်ပါ တယ်။
အရေပြားအနာ Impetigo
ဘက်တီးရီးယားပိုးကြောင့် အရေပြားမှာ အဖြစ်များတဲ့ Impetigo အရေပြားအနာ အကြောင်းကိုလည်း ပြည်သူတွေ အားလုံးသိထားသင့်ပါတယ်။ သူဟာ Streptococcus pyogenes ၊ Staphylococcus aureus bacteria ကြောင့် အဓိကဖြစ်တာပါ။
အရေပြားနီနီရဲရဲကနေ အရေကြည်ဖုငယ်လေးတွေ ၊ အရေပြားဖုဖု ဖောင်းဖောင်း တွေ ဖြစ်လာပါတယ်။ ကွဲထွက်သွားတဲ့အခါ အရည်တွေကအနားပတ်လည်ကို ပျံ့နှံ့သွားပြီး ခြောက်သွေ့တဲ့ အပေါ်ယံအလွှာတစ်ခုဖြစ်လာပါတယ်။ အနာအဝကနေပျားရည်လိုမျိုး အညိုရောင်အစေး ထွက်လာတယ်။ တစ်ခုနဲ့တစ်ခု နီးစပ်ပြီးတော့ အပြင်လိုက်ကြီး ဖြစ်လာတာမျိုးတွေအပြင် ယားလို့ အနာကိုကုတ်ရင်း ပျံ့နှံ့တာမျိုးတွေအထိ ဖြစ်လာပါ တော့တယ်။ ထိခိုက်ဒဏ်ရာငယ် ၊ အင်းဆက်အကိုက်ခံရတဲ့ဒဏ်ရာ၊ ဝဲရောဂါ ၊ ရေကျောက်ရောဂါ၊ နှင်းခူရောဂါတို့ရဲ့ နောက်ဆက်တွဲ ပိုးဝင်တာတွေကနေ ဖြစ်ပြီးတော့ Impetigo အရေပြားအနာဖြစ်တဲ့ လူနာတွေလည်း တွေ့ရတတ်ပါတယ်။
အဲ့ဒီလိုတွေ ဖြစ်လာရင် အတွေ့ကြုံရှိတဲ့ ဆရာဝန်နဲ့တိုင်ပင်ဖို့ မဖြစ်မနေလိုပါတယ်။ Clindamycin ၊ Doxycycline ၊ Trimethoprim-sulfamethoxazole ကဲ့သို့ ပဋိဇီဝ (ပိုးသတ်ဆေး) လိမ်းဆေးတွေကို ညွှန်ကြပါတယ်။ Mupirocin ၊ Retapamulin ၊ Ozenoxacin ၊ Fusidic acid ၊ Gentamicin လိမ်းဆေးတွေကိုလည်း သုံးကြပါတယ်။ သောက်ဆေးအနေနဲ့ဆိုရင် Amoxicillin-clavulanate ၊ Dicloxacillin ၊ Erythromycin ၊ Clindamycin ၊ Levofloxacin ၊ Ciprofloxacin တို့တွေကို ညွှန်ပေးရမှာပါ။ Impetigo အရေပြားအနာလေးတွေက နှစ်ပါတ် သုံးပါတ် အတွင်း အနာကျက်ပါတယ်။ အယားပြေဖို့အတွက် Desloratadine ၊ Cetrizine ,Loratadine လို သောက်ဆေးတွေကို သောက်ပေးရပါမယ်။
အရေပြားဆိုင်ရာ အကြောင်းအရာတွေကို အသိပညာ မျှဝေပေးပြီးတဲ့အခါ နောက်တစ်ပတ်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေကြုံနေရတဲ့ အပူဒဏ်နဲ့ ကျန်းမာရေး ဆိုင်ရာ ရင်ဆိုင်ဖြေရှင်းသင့်တဲ့နည်းလမ်းတွေနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အားလုံး ဒုက္ခကုန်ဆုံးပြီး မဝေးတော့တဲ့ကာလမှာ ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိ နိုင်ပါစေလို့ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်။
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ဘေးရှောင် #အရေပြားရောဂါပြဿနာများ #အပိုင်း၂ #ဆောင်းပါး #Ayeyarwaddy_Times