ဧရာဝတီတိုင်းမ်
ဧပြီလ ၂ ရက်
အိန္ဒိယနိုင်ငံပိုင် မဟာဗျူဟာမြောက် အန်ဒမန်နဲ့ နီကိုးဘားကျွန်းကို စောင့်ကြည့်ဖို့ တရုတ်နိုင်ငံက စခန်း တစ်ခုအဖြစ် အသုံးပြုနေတယ်လို့ သံသယရှိခဲ့ကြတဲ့ ကိုကိုးကျွန်းမှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ အဆင့် မြှင့်နေတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြနေပါတယ်။
ကိုကိုးကျွန်းပေါ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေတာကို ဂြိုဟ်တုဓာတ်ပုံကုမ္ပဏီ Maxar Technologies က ဇန်နဝါရီလအတွင်း ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။
ကိုကိုးကျွန်းပေါ်မှာ လေယာဉ်ထားရာအဆောက်အအုံနှစ်ခု၊ လေယာဉ်ပြေးလမ်းကို မီတာ ၂၃၀၀ အထိ တိုးချဲ့မှုနဲ့ ရေဒါစခန်းတစ်ခု တည်ဆောက်တာကို ဂြိုဟ်တုဓာတ်ပုံပညာရှင် ဒါမီယန်းဆိုင်မွန်နဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဂျွန်ပိုလော့ခ်တို့က လန်ဒန်မြို့တော်အခြေစိုက် လွတ်လပ်သော မူဝါဒဆိုင်ရာ အဖွဲ့အစည်း Chatham House က ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော တြိဂံစစ်ဌာနချုပ်တည်ရှိရာ အန်ဒမန်နဲ့ နီကိုးဘားကျွန်းရဲ့မြောက်ဘက် ၅၅ ကီလိုမီတာမှာတည်ရှိတဲ့ ကိုကိုးကျွန်းမှာ တရုတ်စစ်ဘက်စခန်းရှိတယ်လို့ ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း ကော လာဟလတွေ ထွက်ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ အလုပ်သဘောဆက်ဆံရေးသာ ထားရှိပေမယ့် တရုတ်နိုင်ငံဟာ အရပ်သား အစိုးရထံမှ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးတိုးမြှင့်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပြီး တိုင်းပြည် ရဲ့စီးပွားရေး ကျဆင်းနေချိန်မှာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ဆက်ဆံရေးတိုးမြှင့်ကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကာ ကွယ်နေပါတယ်။
“တရုတ်ကုမ္ပဏီတွေက မြေပြင်မှာ လုပ်ကိုင်နေတယ်လို့ ယူဆရပြီး ရေနက်ဆိပ်ကမ်းလိုမျိုး အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်နေသလို စစ်ကောင်စီက အဲဒီစီမံကိန်းတွေကို ကာကွယ်ဖို့ တပ်ဖွဲ့တွေ စေလွှတ်ပေးနေပါတယ်” လို့ ဆောင်းပါက ဖော်ပြပါတယ်။
မြန်မာစစ်တပ်က ကိုကိုးကျွန်းမှာ တရုတ်ရဲ့အကူအညီနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည် ဆောက်တာဟာ အိန္ဒိယနိုင်ငံနဲ့ရေတပ်အတွက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။
ကိုးကား – The Print
Ref; Myanmar’s Great Coco Island near Andamans gets new military infrastructure, Chinese hand suspected