ဧရာ၀တီတိုင်းမ်
ဧပြီလ ၂ ရက်
အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ချမ်းသာကြီးကျေးရွာအနီးသို့ စစ်သည်အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး အဆိုပါတိုက်ပွဲများကြောင့် ဒေသခံ ၃ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။
မတ်လ ၃၀ ရက်နေ့မှစတင်၍ ချမ်းသာကြီးကျေးရွာနှင့် လက်ပံချောင်းကျေးရွာအနီးသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့များက ခုခံတိုက်ခိုက်နေရာ ၄ ရက် ဆက်တိုက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ကလေးမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ နီးပါးမှ ဒေသခံ
၃ သောင်းကျော်မှာ ဘေးလွတ်ရာ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာက ၃၀ ရက်နေ့က စဖြစ်တာ။ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ အခု ဒေသခံတွေ စစ်ဘေးရှောင်ထွက်ပြေးနေရတာက လူပေါင်း ၃ သောင်း ကျော်နေပြီ”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် – CNDF မှ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်ကျေးရွာများမှာ လက်ပံချောင်း၊ ချမ်းသာကြီး၊ မြောက်ချော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ်နှင့် ဆည်ကြီး ကျေးရွာတို့မှ ဒေသခံများဖြစ်ပြီး တိုက်ပွဲနှင့်ဝေးရာဒေသ၌ ဖြစ်သလို နေထိုင်နေရကြောင်း ဒေသခံများထံက သိရသည်။
PDF ပူးပေါင်းတပ်များနှင့်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်အထိနာနေသဖြင့် ယနေ့တွင် လေတပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးကာ တိုက်ခိုက်ခဲ့ပြီး ကလေးမြို့တွင်းမှလည်း ၁၂၀ မမ အမြှောက်များဖြင့် လက်နက်ကြီးပစ်ကူပေး၍ တိုက်ခိုက်နေကြောင်း သိရသည်။
“ချမ်းသာကြီးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ။ လက်ပံချောင်းရွာဘက်ကိုပါ စစ်ကြောင်း ဆက်ထိုးဖို့ ရှိနေလို့ PDF က သွားတိုက်တာ။ ၃၀ ရက်နေ့က တနေကုန် တိုက်ပွဲဖြစ်တယ်။ PDF က စစ်ကောင်စီတပ်ကို ၂ ကြိမ် မောင်းထုတ်တယ်။ သတို့အထိနာတော့ စစ်ကူအနေနဲ့ MI – 35 နဲ့ လာပစ်တယ်။ ကလေးအခြစိုက် အမြှောက်တပ်က ၁၂၀ မမနဲ့ အလုံး ၅၀ ထုတယ်။ လေကြောင်းနဲ့လည်း ထောက်ပို့အနေနဲ့ လူအင်အား ထပ်ဖြည့်နေတယ်။ အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ”ဟု CNDF မှ တာဝန်ရှိသူက ပြောသည်။
ကလေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသည့်တပ်ဖွဲ့များမှာ CNDF တပ်ရင်း (၄)၊ CNDF Vakok၊ တာဟန်း PDF, CDM-စီးယင်းတပ်၊ CDF-KKG၊ Chin Refils နှင့် PDA တပ်တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် ချင်းပြည်နယ်၊ ဖလမ်း၊ ဟားခါးနှင့် ထန်တလန်မြို့နယ်တိုကိုလည်း စစ်ကြောင်းထိုး၍ ချီတက်နေသဖြင့် ချင်းပြည်နယ်(မြောက်ပိုင်း)၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။
#Ayeyarwaddy_Times #ကလေးမြို့ #လက်ပံချောင်း #တိုက်ပွဲ #စစ်ဘေးရှောင်