ဧရာဝတီတိုင်းမ်
ဧပြီလ ၂ ရက်
ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် ရေလဲကြီး ကျေးရွာမှာ ဧပြီလ ၁ ရက်နေ့က မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ် ၆ လုံး အရေးပေါ် ရွှေ့ပြောင်းရကြောင်း သိရပါတယ်။
ရေလဲကြီကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါး အလျား ပေ ၁၀၀၊ အနံ ပေ ၆၀ ခန့် ပြိုကြမှု ဖြစ်ပွားခြင်းကြောင့် ကမ်းအနီး နေထိုင်တဲ့ နေအိမ် ၆ လုံး အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာလို့ ဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက ပြောပါတယ်။
ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ဝန်ထမ်းတဦးက“အိမ်တွေတော့ သူတို့ ကိုယ်တိုင် ဖျက်ပြီးရွှေ့တာ ပြိုကျတဲ့ နေရာနဲ့ အိမ်တွေနဲ့ အကွာအဝေး နီးလာပြီ၊ ကြိုပြီးရွှေ့လိုက်တော့ အိမ်ပျက်စီးတာတို့၊ လူထိခိုက်တာမျိုးတော့ မရှိပါဘူး”လို့ ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။
မြစ်ကမ်းပါး ပြိုကျတဲ့ အနီး နေထိုင်တဲ့ အိမ်ထောင်စု ၆ စုဟာ လက်ရှိမှာ နီးစပ်ရာ ဆွေမျိုးတွေ၊ နေအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ယာယီ နေထိုင်နေကြတယ် လို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ၂၀၂၃ ခုနှစ်အတွင်း မြစ်ရေ တိုက်စားမှုကြောင့် နေအိမ် ရွှေ့ပြောင်းရတာ ဒုတိယအကြိမ် ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ညောင်တုန်းမြို့နယ်မှာ မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ် ၅ လုံး ရွှေ့ပြောင်း ခဲ့ရကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက ပြောပါတယ်။
၂၀၂၂ ခုနှစ် အတွင်းက ကန်ကြီးထောင့်၊ ဝါးခယ်မ၊ ပန်းတနော် မြို့နယ်တွေမှာ မြစ်ကမ်းပါး ပြိုကျခြင်းကြောင့် လူနေအိမ် ၃၈ လုံး အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပြီး ဆန်စက် ဂိုထောင် တစ်လုံး၊ ချောင်းကူး ကွန်ကရစ် တံတား တစ်စင်းနဲ့ လူနေအိမ် တစ်လုံး မြစ်ရေနဲ့အတူ ပြိုကျပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။
#Ayeyarwaddy_Times