ဧရာဝတီတိုင်းမ်
ဧပြီလ ၂ ရက်
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့မရဲစခန်းမှာ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စွပ်စွဲဖမ်းဆီးတာခံထားရတဲ့အမျိုးသားတစ်ဦးဟာ ကြိုးဆွဲချသေဆုံး ခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ အမျိုးသားဟာ စခန်းရှိအိမ်သာထဲမှာ ကြိုးဆွဲချသေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
“အင်းဖျားရွာ အုပ်ချုပ်ရေးမှုး သတ်တဲ့အမှုနဲ့ ပတ်သတ်ပြီး ဖမ်းထားတဲ့ သူပါ၊ သူ့ကို ခလရ ၃၆ မှာ စစ်တပ်က နှိပ်စက်ပြီးအရင်စစ်ထားတာ၊ ခုရက်မှ ရဲကိုပြန်လွှဲပြီးထပ်စစ်ခိုင်းတာ သူမှမကျူးလွန်တော့ဘယ်၀န်ခံမလည်း နှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်လို့ လုပ်လိုက်တာဖြစ်နိုင်တယ်”လို့ ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
သေဆုံးသွားသူဟာ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးအုပ်စု၊ လှေဆွဲကုန်းစုကျေးရွာမှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ကိုသိန်းထိုက်ဦးဆိုသူဖြစ်ပြီး သာမန် လယ် သမားတစ်ဦးသာဖြစ်ကာ အုပ်ချုပ်ရေးမှုးအသတ်ခံရမှုဖြစ်စဥ်အပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။
” အုပ်ချုပ်ရေးမှူး သတ်ခံရတဲ့နေ့ကအဲနားက ဖြတ်သွားဖြတ်လာလုပ်တဲ့လူတွေပါအကုန်ဖမ်းတာ၊ အဓိကဦးဆောင်နေတာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)က မျိုးကျော်ကျော်က ဖမ်းပြီး ခလရ ၃၆ မှာစစ်ကြောရေး လုပ်ပြီး လူမဆန်အောင်နိပ်စက်ပြီးမှ ရဲစခန်းကိုပို့တာ၊ ရဲဘက်က သူ့ဖာသူသတ်သေတယ်ပြောပေမယ့် မိသားစုဘက်က နှိပ်စက်လို့ သေရတယ်လို့ထင်နေတယ်”လို့ ကျုံပျော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့ကကိုသန်းထိုက်ဦး သေဆုံးကြောင်း မတ်လ ၃၁ ရက်နေ့ ညမှာ မိသားစုကိုအသိပေးပြီး ဧပြီလ ၁ ရက်နေ့မှာ ကျုံပျော်ဆေးရုံ ရင်ခွဲရုံကတစ်ဆင့်နာရေးကားနဲ့အတူ ရဲတပ်ဖွဲ့က ကားတစ်စီးလိုက်ပါပြီး ညနေပိုင်းမှာ ခရုရိုးသုသာန်မှာ မီးသဂြိုလ်လိုက်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ၂၂ ရက်နေ့ညနေ ၆ နာရီ အချိန်က အင်းပြားကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးထွန်းဆန်း ဆိုသူကို ကျုံပျော်မြို့ပြပျောက်ကြားတပ်ဖွဲ့(KSTF)က နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဦးထွန်းဆန်းဆိုသူဟာအုပ်ချုပ်ရေးမှူးမဖြစ်ခင်က သူရဲ့သတင်းပေးမှုနဲ့ ၂၀၂၁ ဇွန်လက လှေဆွဲရွာမှာစစ်ကောင်စီတပ်ကပစ်ခတ်လို့ ပြည်သူ ၄ ဦးသေဆုံးခဲ့ကာ ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရပြီး၊အုပ်ချုပ်ရေးမှုးအဖြစ်နဲ့လည်း ပြည်သူကိုဒုက္ခပေးနေတာကြောင့်ရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေက ဒေသခံရွာသား ၂၀ကျော်ကို ယနေ့ထိဖမ်းဆီးရိုက်နှက်စစ်ဆေးနေတယ်လို့သိရပါတယ်။
#ကျုံပျော်မြို့ #မြို့မရဲစခန်း #ဖမ်းဆီးခံထားရသူ #အမျိုးသားကြိုးဆွဲချသေဆုံး #Ayeyarwaddy_Times