နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့အစိုးရသည် နိုင်ငံရေးအစိုးရ မဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေသည့် အစိုးရဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းသည် ပြည့်တန်ဆာခေါင်း ဦးစီး သည့် ပြည့်တန်ဆာပပျောက်ရေး စီမံချက်စကားမျိုးသာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF)အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင်သည် ယမန်နေ့ မတ်လ ၃၁ ရက်က ၎င်းတို့လက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ NON CDM များနှင့် တွေ့ဆုံရာတွင် ၎င်းတို့အစိုးရသည် နိုင်ငံရေးအစိုးရ မဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေသည့် အစိုးရဖြစ်၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ ဆောင်ရွက်ကြစေရန် ပြောခဲ့သည်။

“နိုင်ငံတော်ကို ပုန်ကန်တဲ့ အခြေအနေကို ပြုလုပ်ထားတဲ့ မင်းအောင်လှိုင်တို့ အပေါင်းအပါတစ်စုကို အခုအချိန်မှာ စစ်သား၊ တပ်မတော်သားလို မဆိုနိုင်တော့သလို နိုင်ငံ့ဝန်ထမ်းလို့လည်း သတ်မှတ်လို့ မရတော့ဘဲ ရာဇဝတ် ကောင်များသာ ဖြစ်တဲ့အတွက် နိုင်ငံ့အရေးလုပ်တယ်ပြောပြော၊ နိုင်ငံရေးလုပ်တယ်ပဲပြောပြော မင်းအောင်လှိုင်ရဲ့ ပြောကြားချက်က တစ်ချိန်က ဗကပ သခင်စိုး ပြောခဲ့သလိုပဲ ပြည့်တန်ဆာခေါင်း ဦးစီးတဲ့ ပြည့်တန်ဆာပ ပျောက်ရေး စီမံချက်စကားမျိုးပဲ ဖြစ်တယ်” ဟု NPLUF အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောသည်။

စစ်ခေါင်းဆောင်အနေဖြင့် မြန်မာနိုင်ငံသား စစ်သား၊ တစ်နည်းအားဖြင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးဖြစ်သည်ဆိုလျှင် နိုင်ငံတော်၏ ပင်မဥပဒေဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တပ်မတော်သားတို့ မဖြစ်မနေ လိုက်နာကျင့် သုံးရမည့် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေတို့တွင် စစ်တပ်သည် အစိုးရဖွဲ့ခွင့်၊ အစိုးရဖြစ်ခွင့်ရှိကြောင်း ပြဌာန်းထားခြင်းမျိုး ရှိပါသလားဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

“ပြည်သူဆိုတာနဲ့ တိုင်းတာလိုက်ရင် နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူထဲမှာပါတယ်။ အာဏာသိမ်းတာတို့ဘာတို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နဲ့ ညီတာမှမဟုတ်တာ။ ဒါတွေပြောရင်တော့ အရှည်ကြီးပါ။ အခုဆို ရင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာ ၃ ရပ်စလုံးကို သူတို့က(စကစ) ကိုင်ထားတဲ့အတွက်၊ ဒီဝန်ထမ်းတွေပဲ ခိုင်းရမှာဖြစ်တယ်။ ဆိုလိုတာက သူတို့(စကစ)ယန္တရားတွေ ချွတ်ခြံကျနေတဲ့အတွက် ဝန်ထမ်းတွေကို သူ(မအလ)လည်ပတ်ပြောတာ ဖြစ်တယ်” ဟု တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ/သားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို၊ မိမိဌာနနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုသည်။

“မအလ ဖမ်းဆီးလိုက်တဲ့ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ၎င်းဖမ်းဆီးလိုက်တဲ့ အချိန်မှာ ဥပဒေကြောင်းအရကော နိုင်ငံရေးအရပါ တရားဝင် အစိုးရအဖွဲ့ပါ။ တစ်နည်းအားဖြင့် ဦးဝင်းမြင့်ဟာ ဒီကနေ့အချိန်ထိ “နိုင်ငံ တော်” (The States) ပါ။ အခု မင်းအောင်လှိုင် လုပ်ခဲ့ပြီး၊ လုပ်နေဆဲလည်း ဖြစ်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေက တပ်မတော်အက်ဥပဒေပါ ပုဒ်မ ၃၆ မှာ ပြဌာန်းထားတဲ့ “စစ်ပုန်ကန်” ဖြစ်သလို၊ နယ်ဘက် (အရပ်ဘက်) ဥပ ဒေဖြစ်တဲ့ ရာဇသတ်ကြီးအရလည်း ပုဒ်မ ၁၂၄ “နိုင်ငံတော်ကို ပုန်ကန်ခြားနားသော ပြစ်မှု” ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောသည်။