ဧရာဝတီတိုင်းမ်
ဧပြီလ ၁ ရက်

စစ်ကောင်စီတပ်မှ တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု များနေသည့်အတွက် တပ်တွင်း၌ ယတြာများပြုလုပ်နေပြီး နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားလာခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များ ထံမှ သိရှိရသည်။

“တပ်ထဲမှာ တပ်ရင်းမှူးရဲ့ကတော်ကိုယ်တိုင် ဦးစီးပြီး လုပ်နေတာ။ တပ်ထဲကနတ်စင်မှာ ပွဲပေးတာတွေ၊ ဘုရားစေတီတွေမှာ ပွဲပေးတာမျိုးတွေ လုပ်ရတာ။ အထက်ကညွှန်ကြားလာတာ။ မဖြစ်မနေလုပ်ရတာ”ဟု အမည်မဖော်လိုသည့် တပ်တွင်းမှ အမျိုး သမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လုံခြုံရေးအခြေအနေကြောင့် တပ်ရင်းအမှတ်ကို မပြောကြားလိုကြောင်းနှင့် တပ်ရင်းထဲတွင် ရှေ့တန်း မလိုက်လိုသည့် တပ်သားများနှင့် ဇနီးသည်များကို လုံ ခြုံရေးကင်းစောင့်ခိုင်းသည့်အခြေအနေများကြောင့် ဂယက်ရိုက်လျက်ရှိကြောင်းလည်း ၎င်းမှဆက်လက်‌ ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ်တိုက်ပွဲများတွင် သေဆုံးမှု များနေသည့် စစ်ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ်ရှိ တောင်ကွဲစေတီတွင်လည်း ဗေဒင်ယတြာ အစီအမံများပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ နံနက်အစောပိုင်းအချိန်က လွိုင်ကော်ရှိ တောင်ကွဲစေတီတွင် နေပြည် တော်တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားချက်ဖြင့်ဟုဆို ကာ မြို့နယ်မှူးကိုယ်တိုင် ယတြာချေပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

“အထက်ကအမိန့်ဆိုပြီး နေပြည်တော်ကနေပြီး ပရိတ် ကြိုးတွေနဲ့ တောင်ကွဲစေတီက ကျောက်တောင်လုံးတော်ပြည့် ပရိတ်ကြိုးတွေနဲ့ပတ်ချည်ခိုင်းတာ။ သူတို့ က ဓာတ်ရိုက်ဓာတ်ဆင်နဲ့လုပ်ကြတာပေါ့။ ကရင်နီဘက်မှာ သေတာများလို့ အဲဒီနယ်ဘက်မှာ ယတြာ လုပ်တာ။ လုပ်ပြီးနောက် ပိုဆိုးနေတယ်” ဟု စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။

လက်ရှိအခြေအနေတွင် ကရင်နီဘက်တွင် စစ်ကောင်စီတပ်မှ အရာအရှိအပါအ၀င် တပ်သား ၂၀၀ ကျော် သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိကြောင်း ဒီးမော့ဆို PDF တပ်ဖွဲ့မှလည်း ထုတ်ပြန်ထားသည်။

ယခု လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်မှ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေပြီး ဒီးမော့ဆို၊ မိုး‌ဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်းတိုက်ပွဲများတွင် တပ်မ(၅၅)၊ (၆၆)၊ (၇၇)၊ (၉၉) နှင့် (၂၂)အပါအ၀င် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းများမှ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၀င်ရောက်လျက်ရှိပြီး လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်လျက်ရှိသည်။
Photo- ပုံဟောင်းများအသုံးပြုထားသည်။
#Ayeyarwaddy _Times #ဗေဒင် #ယတြာ #စစ်ကောင်စီ #ထိခိုက်သေဆုံးမှုများ