ဧရာ၀တီတိုင်းမ်
မတ်လ၃၁ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့မှာ တစ်သောင်းတန် ငွေစက္ကူအတုတွေ ကို ငွေအစစ်နဲ့ လဲယူ ရောင်းချနေသူတစ်ဦး ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံ ကနေသိရပါတယ်။

တစ်သောင်းတန် ငွေစက္ကူ အတု လိုက်လံရောင်းချနေသူဟာ ပုသိမ်မြို့ ကင်မလင်းကျွန်းမှာနေထိုင်တဲ့ ကိုကျော်ဇေယျ ဖြစ်ပြီး ယမန်နေ့ မတ်လ ၃၀ရက်နေ့က ဖမ်ဆီးရမိခဲ့တာလို့ သိရပါတယ်။

” ရဲ က လုပ်ငန်းရှင်တစ်ယောက်ကို အသုံးပြုပြီးငွေအတု သိန်း ၄၀ ဖိုး ၀ယ်မယ်ဆိုပြီး ကန်သုံးဆင့် အနောက်ဘက်ကို ချိန်းလိုက်တာ။ ဆိုင်ကယ်နဲ့ လာပို့တုန်း ဖမ်းမိတာ အကုန် တစ်သောင်းတန် ၁၃၉ ရွက်ပါ။ ပုသိမ်မြို့ကနေပဲ ငွေ အတုတွေ လုပ်နေတာ။ ခုထိတော့ ဖမ်းပြီးစစ်ဆေးနေတုန်း”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦး က ဧရာ၀တီတိုင်းမ်းကို ပြောပါတယ်။

ကိုကျော်ဇေယျဟာ တစ်သောင်းတန် ငွေစက္ကူအတု ၁၀သိန်းကို ငွေအစစ် တစ်သိန်းနဲ့ လိုက်လံ ရောင်းချလဲလှယ်နေတာဖြစ်ပြီး ငွေအတု၀ယ်လို့ရတယ်လို့ ပုသိမ်မြို့နဲ့ ပတ်သတ်တဲ့ Facebook Group တွေမှာ ကြေညာပြီး အရောင်းအ၀ယ်လုပ်နေသူဖြစ်ကာ အခုမှ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ငွေစက္ကူ အတုရောင်းချသူဟာ ပုသိမ်မြို့ပေါ်မှာ ငွေအတုတွေကို အကြိမ်ရေ ဘယ်လောက်ထိ ရောင်းချထားမှန် းမသိရသေးသလို ငွေစက္ကူအတု တစ်သောင်း ကျပ်တန်ဟာ မြန်ငွေစက္ကူအစစ် တစ်သောင်းကျပ် တန်နဲ့ အမြင်အားဖြင့် ခွဲမရအောင် တူညီမှုရှိနေပါတယ်။ လူစည်ကားတဲ့ ရပ်ကွက်ဈေးတွေနဲ့ လမ်းဘေးဈေးဆိုင်တွေမှာ ငွေစက္ကူအတုတွေ ရောပါလာတတ်တာ အမြဲတွေ့ရတာကြောင့် တစ်သောင်းတန် ငွေအတုတွေ အများကြီး ပျံ့နှံလာမှာ မြို့ခံတွေ ကစိုးရိမ်နေကြပါတယ်။

“တစ်သောင်းတန်အတုက အုပ်လိုက်ထဲမှာ အမြဲတစ်ရွက်နှစ်ရွက် ပါလာတတ်တယ်။ သတိတော့ထားနေရတယ်။ ပိုက်ဆံအစစ်ရဲ့ရွှေကြိုးက မတူညီတဲ့ထောင့်ကကြည့်ရင် အနီအပြာ ပြောင်းတယ်။ အတုကမပြောင်းဘူး အဲ့လိုစစ်ယူနေရတာပဲ”လို့ ပုသိမ်မြို့ က ဈေးဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလာတာကြောင့် လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှု၊ လောင်းကစားမှု နဲ့ ငွေအတုရောင်းချခြင်း လုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှု လျော့နည်းလာတာလို့ မြို့ခံတွေက ဆိုပါတယ်။
#ပုသိမ်မြို့ #တစ်သောင်းတန် #ငွေစက္ကူအတု #ဖမ်းမိ #ဒေသခံများ #စိုးရိမ် #Ayeyarwaddy_Times