ဇွဲနိုင်/(ဧရာဝတီတိုင်းမ်)
(ရေဖြူ)၊ မတ်လ ၃၁ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖားချောင်း ကျေးရွာ အုပ်စု၊ တောင်ရင်းအင်း ရွာမှာ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် တစ်ဦး မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများ ဆီက သိရပါတယ်။

ပစ်ခတ်ခံရသူမှာ အသက် (၅၅ နှစ်) ဝန်းကျင်ရှိ ပျူစောထီးခေါင်းဆောင် ဦးထွန်းအောင် ဆိုသူဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က နေအိမ်မှာ အမည်မသိ လူတစ်စုက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပြပါတယ်။

ဒေသခံ တစ်ဦးက“ရွာထဲမှာ သေနတ်ပစ်ခတ်သံ ကြားလိုက်ရပါတယ်။ အော်သံတွေ ကြားရတာကလည်း ဆူညံနေတာပဲ။ အဲဒီနောက် ရွာ ထဲက လူတွေ အများကြီး ဆိုင်ကယ်နဲ့ သွားကြည့်ကြမှ သူ သေနတ်နဲ့ ပစ်ခတ်ခံရမှန်း သိတယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဆိုပါ ဦးထွန်းအောင် ဆိုသူ ပျူစောထီး ခေါင်းဆောင်မှာ တပည့် ပျူစောထီး အများအပြားရှိကာ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ အရက်သောက်ရာမှာလည်း သူဟာ ပျူစောထီး ခေါင်းဆောင်ဖြစ်ကြောင်း ဂုဏ်ယူစွာ အမြဲပြောလေ့ရှိတယ်လို့ ဒေသခံတွေ က ပြောဆိုကြပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ၁ နာရီခန့် အကြာမှာ စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့် ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ ဒဏ်ရာ ရရှိသွားတဲ့ ဦးထွန်းအောင် ဆိုသူကို စစ်ကောင်စီတပ် ကားနဲ့ တောင်ရင်းအင်း လမ်းဆုံသို့ သယ်ဆောင် လာပြီး ထိုမှတစ်ဆင့် ကံပေါက် အရေးပေါ်လူနာတင်ယာဉ်နဲ့ မောရဝတီ ရေတပ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းလည်း သိရပါတယ်။

အဆိုပါ ပျူစောထီး ဦးထွန်းအောင်ကို ပစ်ခတ်မှုဟာ ဘယ် လက်နက်ကိုင် အဖွဲ့ လက်ချက် ဆိုတာကိုတော့ ထုတ်ပြန် ထားတာ မတွေ့ရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ကလည်း တောင်ရင်းအင်းရွာက စစ်ကောင်စီ သတင်းပေး အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း ဆိုသူလည်း နေအိမ်မှာပင် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

#တောင်အင်း #လက်နက်ကိုင် #ပျူစောထီး #ပစ်သတ်ခံရ #ဆေးကုသ
#Ayeyarwaddy_Times