ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကြာ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဟာ အကြီးအကျယ် ဆုတ်ယုတ်လာပြီး ဒီနှစ်ဘဏ္ဍာရေးနှစ်မှာ GDP က ၃ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ကစဉ့်ကလျားအခြေအနေကြောင့် အကြီးအကျယ်ထိခိုက်နေတဲ့ မြန်မာ့စီးပွား ရေးဟာ အကြမ်းဖက်မှု၊ ပိုဆိုးရွားလာတဲ့ ဓာတ်အားပြတ်တောက်မှုတွေနဲ့ မူဝါဒကျရှုံးမှုတွေကြောင့် ဆက်လက်ပြီး ဆုတ်ယုတ်မယ်လို့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။
“ဓာတ်အားပြတ်တောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေး ပြိုကွဲမှု၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်မှု ကန့် သတ်ချက်တွေအပြင် မူဝါဒပိုင်း မသေချာမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့ မသေချာဘူး” လို့ အစီ ရင်ခံစာက ဆိုပါတယ်။
စစ်ကောင်စီရဲ့ သဘောထားကွဲလွဲသူတွေအပေါ် ဖြိုခွင်းမှုနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တုံ့ပြန်မှုတွေ ကြောင့် နိုင်ငံရေးအန္တရာယ်၊ ဒဏ်ခတ်အရေးယူမှုနဲ့ ဂုဏ်သတင်းထိခိုက်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှ ထွက်ခွာမှုတွေ ဖြစ်စေခဲ့ပါတယ်။
မြန်မာ့စီးပွားရေးဟာ ၂၀၁၉ ခုနှစ်မှာ ကြုံတွေ့ခဲ့ရသလို အခြေအနေအောက် ဆက်ရှိနေမယ်လို့ ကမ္ဘာ့ ဘဏ်က ဆိုပါတယ်။ မြန်မာ့ GDP က ၂၀၂၂ ခုနှစ်မှာ ၃ ရာခိုင်နှုန်း တိုးတက်မလာမီ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
အမေရိကန်ဒေါ်လာနှင့်လဲလှယ်ပါက ကျပ်ငွေတန်ဖိုးက ၃၁ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းလာမှုနဲ့အတူ ဝယ်လိုစွမ်းအား ကျဆင်းလာပြီး စားသောက်ကုန်နဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူတွေက ပြင်းထန်သောဖိအား ရင်ဆိုင်ခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ကျပ်ငွေအပေါ် ဖိအားပေးမှု သက်သာရာရစေဖို့ ပြည်တွင်းမှာ ငွေကြေးလွှဲပြောင်းတာတွေ ပြုလုပ်ရာမှာ နိုင်ငံခြားငွေ မသုံးစွဲကြဖို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့နှစ်အတွင်း ဝန်ကြီးဌာနတွေနဲ့ ဒေသခံအစိုးရတွေကို ညွှန်ကြားခဲ့ပါတယ်။
စီးပွားရေး ပြန်လည်ကောင်းမွန်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်လို့ စစ်ကောင်စီ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး မြန်မာ့အရေးမှာ ပြည်ပနိုင်ငံတွေက အဖျက်အမှောင့်တွေ လုပ်နေတယ်လို့ ပြစ်တင်လိုက်ပါတယ်။
ကိုးကား – Reuters
Ref; Myanmar Economy to Remain ‘Severely Diminished’ Amid Conflict -World Bank