ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် မတ်လ ၃၀ ရက်​နေ့ နံနက်အစောပိုင်း ရေး-ထားဝယ် ကားလမ်းမကြီးအနီး မောင်မယ်ရှောင်ရွာ၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၆ နာရီခန့် အချိန်တွင် မောင်မယ်ရှောင်ရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်အင်အား ၁၀ ဦး ခန့်ကို ၄၀ မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဥသြစစ်ကြောင်းမှ သိရသည်။

“အဲဒီပစ်ခတ်မှုမှာ ကျွန်တော်တို့က လက်ဦးမှုရယူပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုက ၁၀ မိနစ်ဝန်းကျင်ခန့်ဖြစ်တယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုများနိုင်တယ်” ဟု ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်)မှ PDF ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်ကထိခိုက်ကျဆုံး မှုများရှိသော်လည်း ကျဆုံးမှုအရေအတွက်ကိုသီးခြားအတည်မပြုနိုင်သေးကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးအားယာယီပိတ်ဆို့ခဲ့ပြီး ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို အရေးပေါ်လူနာတင်ယာဥ်ဖြင့်သယ်ဆောင်အပြီး ​ညနေ ၆ နာရီတွင် လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်-ထီးခီးလမ်းလမ်းပိုင်းနေရာ သုံးခုကို မတ်လ ၂၉ ရက်နေ့မှစ၍ ညနေ ၆ ရီ မှ နံနက် ၆ နာရီ အထိသာ ဖြတ်သန်းသွားလာကြဖို့ ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်)မှ သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်) ပြည်သူ့ကာကွယ်ရေးတပ်မှရဲဘော်များ
#ထားဝယ်မြို့ #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #အသေဆုံးများ #Ayeyarwaddy_Times