ဧရာဝတီတိုင်းမ်
(ကနီ)၊ မတ်လ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကြို့ပင်သာရပ်ကွက်ဘက်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်အား မတ်လ ၃၀ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ကျောက်လုံးကြီး KLG တပ်မဟာနှင့်ပူးပေါင်းအဖွဲ့မှ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကနီမြို့ပေါ်မှ အင်အား ၃၀ ဝန်းကျင်ပါ စစ်ကောင်စီ တပ်သားများနှင့် ရဲအုပ်စုမှာ ကြို့ပင်သာရပ်ကွက်ဘက်သို့ ကင်းစောင့်ရန် ထွက်လာစဉ် ပူးပေါင်းတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရပြီး ၂ ဦးအပြင်းအထန်ရခဲ့ကြောင်း KLG PDF ထံမှ သိရသည်။

“ကနီမြို့ ရက်ကွက် ၃ အပြင်ဘက် ကင်းစောင့်ထွက်လာတာဗျ။ပုံမှန် ကနီမြို့လုံခြုံရေးအတွက် ကင်းထွက်စောင့်တဲ့ တပ်နဲ့ရဲတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဗျ။ ကနီမြို့ပြင်လေးတင်ပါ။ မြို့ပေါ်ဝန်းကျင်အထိ ကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။” ဟု KLG PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်းကို ပြောသည်။

တိုက်ခိုက်မှုအတွင်း ၄၅ မိနစ်‌ကျော်ကြာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကနီမြို့ပေါ်မှ စစ်ကောင် စီတပ်သားနှင့်ရဲ အင်အား ၅၀ ဝန်းကျင်တပ်ကူလာသည့်အတွက် ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ကျောက်လုံးကြီး KLG တပ်မဟာ၊ ခရိုင် တပ်ရင်း ၂၊ DRPAအဖွဲ့ နှင့် နယ်မြေခံ(ပကဖ)များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကနီတွင် မတ်လ ၂၄ ရက်နေ့ကလည်း အလယ်ကျွန်းပျူရွာအတွင်းသို့ KLG PDFမှ လက်နက်ကြီး ၆၀ မမ ၁၀ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

#ကနီမြို့နယ် #စစ်ကောင်စီ #တိုက်ပွဲ #Ayeyarwaddy_Times