နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်

နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့်ထားသည့် အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြုလုပ်ရန် အပါအဝင် အချက် သုံး ချက်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ခုနစ် ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် နေပြည်တော်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ခုနစ် ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်တာ အလွတ်သဘော တွေ့ဆုံရာတွင် အဆိုပါအချက် သုံး ချက်ကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

“NSPNC ဘက်က ဆွေးနွေးတင်ပြတာကတော့ အဓိကကတော့ ဒေသတွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေ ပါတယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ကိစ္စရပ်လည်း ပါဝင်ပါတယ်ဆိုတာကို ညွှန်ကြားချက်အရ အကြောင်းအရာကို ကျွန်တော်ပြောပြတာ ဖြစ်ပါတယ်” ဟု အပစ်ရပ် ခုနစ် ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နှစ်ရက်တာ တွေ့ဆုံမှုတွင် အပစ်ရပ် ခုနစ် ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ဘက်မှ အချက် ငါး ချက် ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကိစ္စ၊ ဖက်ဒရယ်အခြေခံမူကိစ္စ၊ အရပ်သားများကို ကာကွယ်ပေးရေးကိစ္စ၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စနှင့် နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေးကိစ္စ တို့ကို ပြန်လည် ဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောထား စုစည်းချက်များကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များထံ ပြန်လည်တင်ပြကာ အဖွဲ့အစည်းအတွင်း အစည်း အဝေးများ ဆက်လက်ပြုလုပ်သွားမည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ဆိုသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အဆိုပါ အပစ်ရပ် ခုနစ် ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။

#စစ်ကောင်စီ #ငြိမ်းချမ်းရေးညီလာခံ #NCA #အပစ်ရပ်ခုနစ်ဖွဲ့ #Ayeyarwaddy_Times