ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်းပွန်းခြုံရွာကို မတ်လ ၂၈ ရက် မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်ပွန်းခြုံရွာဟာ အိမ်ခြေ (၁၃၈) အိမ်ရှ်ိတဲ့ အနက် (၁၂၃) အိမ် မီးလောင်ပြာကျသွားပြီး နေအိမ် (၁၅) လုံးသာကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ကင်ပွန်းခြုံကျေးရွာက လေဖြတ်နေတဲ့ အဖိုး၊ အဖွား​တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ဘေးလွတ်ရာ ပို့ပေးနိုင်ခဲ့တဲ့အပြင် လက်ရှိအချိန်အထိ မီးဘေးသင့် ပြည်သူ (၅၀၀) ကျော်ကိုလည်း စောင့်ရှောက်ထားတယ် လို့ ပွင့်ဖြူ ပကဖ မှ တာဝန်ရှ်ိသူတွေက ပြောပါတယ်။

လက်ရှ်ိမှာ ကာကွယ်ရေးရဲဘော်များနဲ့ မီးဘေးသင့် ပြည်သူများအတွက် တစ်နေ့တာ ထမင်းစရိတ် (၄) သိန်းဝန်းကျင် ကုန်ကျနေသလို စားနပ်ရိက္ခာအတွက်လည်း အခက်အခဲတွေရှိနေတယ် လို့ ၎င်း ကဆက်လက်ပြောပါတယ်။

“စစ်တပ်က မနက်အစောကြီးရောက်လာကြပြီး အနားမှာ တိုက်ပွဲတွေဖြစ်ကြသေးတယ်။ သိပ်မကြာပါဘူး စစ်ကောင်စီတပ်တွေရွာထဲရောက်လာပြီး ရွာကို ရွာလုံးကျွတ်မီးဝင်ရှို့ကြတော့တာပဲ။ မီးမကူးလို့ ကျန်ခဲ့တဲ့အိမ် နဲနဲပဲရှိပါတော့တယ်၊ အခြားအိမ်တွေကတော့ ပြာပုံပဲရှိတော့တယ်” လို့ ကင်ပွန်းခြုံကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒါ့ပြင် ကင်ပွန်းခြုံကျေးရွာအနီးမှာ မတ်လ ၂၈ ရက် မနက်ပိုင်း ၇ နာရီကနေ နေ့လည်ပိုင်းအထိ စစ်ကောင်စီတပ် အင်အား (၂၀၀) ကျော်ဝန်းကျင်နဲ့ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း-စလင်း၊ ဆောတပ်ရင်း (၃)၊ ပွင့်ဖြူပကဖ၊ မင်းဘူးပကဖ၊ စေတုတ္တရာ တပ်ရင်း-၃ မဟာမိတ်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

#စလင်းမြို့နယ် #စစ်ကောင်စီတပ်ကရွာလုံးကျွတ်မီးရှို့
#မီးဘေးသင့်ပြည်သူ၅၀၀ကျော်ကို #ကာကွယ်ရေးတပ်ဖွဲ့တွေကစောင့်ရှောက်ထား
#Ayeyarwaddy_Times