ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာ ဒေသခံတွေကို PDF နဲ့ ပတ်သတ်မှု ရှိနေတယ်ဆိုပြီး မတ်လအတွင်း စစ်ကောင်စီ တပ် နဲ့ ရဲတွေက လိုက်လံဖမ်းဆီးနေရာ ယနေ့ အထိ ၅၀ ကျော်ဖမ်းဆီးခံထားရကြောင်း မြို့ခံတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်း မြို့ခံတစ်ဦးက“ပြည်သူ့စစ် ခေါင်းဆောင် ကျော်တင့်ဦး အသတ်ခံရ ကတည်းက မြို့ပေါ်နဲ့ ရွာတွေမှာ ထင်တဲ့လူတွေ လျှောက်ဖမ်းနေတာ။ သိရသလောက်တော့ ၅၀ ကျော်နေပြီ။ အကုန်လုံး ခမရ (၅၄၃) မှာ ဖမ်းထားပြီး နိပ်စက်နေတယ်။ မိသားစုတွေနဲ့လည်း အဆက်သွယ်မရဘူး ဖြစ်နေတယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့ (မော်ကျွန်း) အခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း (ခမရ) (၅၃၄) တပ်က ဒုတပ်ရင်းမှူး ဆိုသူနဲ့ မြို့မရဲစခန်းမှူး ဒုရဲမှူး ဆိုသူတို့ ဦးဆောင်ကာ ဖမ်းဆီးနေခြင်း ဖြစ်ပြီး မြို့ပေါ်နဲ့ကျေးရွာတွေက လက်ဖက်ရည်ဆိုင် ပိုင်ရှင်၊ ကျူရှင်ဆရာ၊ ပရဟိတ ကူညီနေသူများ၊ လယ်သမား၊ ကွမ်းယာသည်၊ သာမန်ဈေးသည်များ ဖမ်းဆီးခံထားရကြောင်း၊ ၎င်းတို့မှာ တော်လှန်ရေးနဲ့ မသက်ဆိုင်သူများ ဖြစ်ကြောင်းလည်း မြို့ခံတွေက ပြောပြပါတယ်။

ဖမ်းဆီးထားသူများကို မြို့မရဲစခန်း အချုပ်နဲ့ ခမရ ၅၃၄ တပ်တွင်းမှာ ထားကာ နှိပ်စက်နေပြီး ပြန်လွှတ်ဖို့ အတွက် မိသားစုဝင်များကို ကျပ် သိန်း ၅၀ နဲ့ ၁၀၀ အထိ တောင်းယူနေပြီး ဖမ်းဆီးထားသူထဲမှ ငွေပေးနိုင်သူ ၁၄ ဦးခန့်သာ ပြန်လွတ်လာတယ် လို့လည်း ဆိုပါတယ်။

မြို့ခံတစ်ဦးကလည်း“ဒလန်ရှင်းတဲ့ အဖွဲ့က သူတို့လုပ်ပါတယ် ဆိုပြီး စာထုတ်ထားတာပဲ၊ ဒါကို မဆိုင်တဲ့လူတွေကို လိုက်ဖမ်းနေတာ။ တစ်ချက်က ဖမ်းပြီး ငွေညှစ်ချင်လို့ နောက်တစ်ချက်က ပြည်သူတွေ တော်လှန်ရေးမှာ ပါဝင်မှာစိုးလို့ ဖိနှိပ်ချင်တာ ဖြစ်မယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြို့နယ် ပြည့်သူစစ်ခေါင်းဆောင် ကျော်တင့်ဦး ဆိုသူကို ဧရာဝတီ စစ်ဒေသခွဲ ကွပ်ကဲရေး နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မော်ကျွန်း ပကဖ၊ ဧရာဝတီလင်းပိုင် မော်ကျွန်းနဲ့ Bogalay Dolphin People’s Defence Force (Ayeyarwaddy Guerilla Force) အဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သတင်း ထုတ်ပြန်ထားပေမယ့် မသက်ဆိုင်တဲ့သူတွေကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ်ကြောင်းလည်း ဒေသခံတွေဆီကသိရပါတယ်။

#မော်လမြိုင်ကျွန်း #ဒေသခံ #PDF #စစ်ကောင်စီ #ဖမ်းဆီး #နှိပ်စက်
#Ayeyarwaddy_Times