ဆလိုင်းသန့်စင်/ဧရာ၀တီတိုင်းမ်
မတ်လ ၃၁ ရက်
ပုသိမ်အကျဉ်းထောင်အတွင်းရှိ မှောင်မည်းနေသောအခန်းကျဉ်းတစ်ခုထဲတွင် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးကို အကျဉ်းထောင်တာဝန်ရှိသူများက သီးသန့်အကျဉ်းချထားသည်။
ခေတ်စကားဖြင့် ပြောလျှင် သူမသည် ပုသိမ်ထောင်အတွင်းမှ အရေးကြီးပုဂ္ဂိုလ် VIP (Very Important Person) အကျဉ်းသူဖြစ်သည်။ အကြောင်းရင်းကတော့ သူမသည် ပုသိမ်ထောင်အတွင်း စစ်ကောင်စီက အကျဉ်းချထားသည့် ဧရာ၀တီတိုင်းအစိုးရအဖွဲ့မှ တစ်ဦးတည်းသောဝန်ကြီး ဖြစ်သောကြောင့်ပင်။ ထိုသူကား လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ လှမြတ်သွေး ဖြစ်သည်။
“ဒေါက်တာလှမြတ်သွေးကို အမျိုးသမီးဆောင်မှာ အကျဉ်းချထားတယ်။ တိုက်ပိတ်တာမျိုးတော့ မဟုတ်ဘူး။ သီးသခန့်ခွဲထားတာ။ လုံခြုံရေးအစောင့်အရှောက်နဲ့ ၁ ရက်ကို ၁ နာရီ အပြင်မှာ လမ်းလျှောက်ခွင့်ရတယ်။
တခြားအကျဉ်းသူတွေနဲ့ ပစ္စည်းဝေမျှခွင့်၊ စကားပြောခွင့် မရှိဘူး”ဟု ပုသိမ်ထောင်နှင့် နီးစပ်သူ မြို့ခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောဆိုသည်။
ဒေါက်တာ လှမြတ်သွေးသည် ဥရောပတိုက်ရှိ ဂျာမနီနိုင်ငံတွင် ကျောင်းတက်ခဲ့ပြီး ဒေါက်တာဘွဲ့ ရခဲ့သူ ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု၍ ရေကြည်မြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သည်။
ရွေးကောက်ပွဲနိုင်သဖြင့် သူမသည် NLD ပါတီ၏ ပထမဆုံးသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ထိုအချိန်က ပထမအကြိမ် ဧရာ၀တီတိုင်းလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ အမတ် ၄၅ ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)မှ အမတ် ၆ ဦး ရှိသည်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ၍ လွှတ်တော် တက်နေကြခြင်း ဖြစ်သည်။ NLD ပါတီအမတ်ဟူ၍ လွှတ်တော်တစ်ခုလုံး၌ ဒေါက်တာ လှမြတ်သွေး တစ်ဦးသာရှိသည်။
ထိုအချိန်က ကြံ့ခိုင်ရေးပါတီ၏ ဧရာ၀တီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့် (နောင်တွင် သာသနာရေးဝန်ကြီး ဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူ) နှင့် ကြံ့ခိုင်ရေးအမတ်တချို့၊ တစညပါတီမှ အမတ်များက တစ်ဦးတည်းသော NLD အမတ် ဒေါက်တာလှမြတ်သွေး၏အဆိုများကို လွှတ်တော်တွင် ထောက်ခံဆွေးနွေးကာ ဝန်းရံပေးခဲ့ ကြသည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရေကြည်မြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်ကပင် ထပ်မံယှဉ်ပြိုင် ခဲ့ရာ ဒုတိယအကြိမ်အနိုင်ရပြီး ဧရာ၀တီတိုင်းအစိုးရအဖွဲ့၌ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရသည်။ လူမှုရေးဝန်ကြီးဖြစ်သောကြောင့် သူမသည် ဧရာ၀တီတိုင်းရှိ ကျန်းမာရေးနှင့်ပညာရေးဌာနတို့ကို ကြီးကြပ် ကွပ်ကဲရသည်။
“ဒေါက်တာလှမြတ်သွေးက လူမှုရေးဝန်ကြီးဘ၀မှာတော့ အောက်ကဌာနဆိုင်ရာတွေက ဝိုင်းလိမ်တာတွေ ခံခဲ့ရပြီး စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ ဆုံးဖြတ်ချက်အမှားတချို့တွေ ဖြစ်ခဲ့တာရှိတယ်။ အကျင့်ပျက် ခြစားတာမျိုး မရှိဘူး။ စီမံခန့်ခွဲမှုအပိုင်း အားနည်းခဲ့တာမျိုးပါ။ သူ့မဲဆန္ဒနယ်မှာတော့ လယ်သမားတွေ၊ အခြေခံလူတန်းစားတွေဘက်က အမြဲရပ်တည်ခဲ့တဲ့ဝန်ကြီးဗျ”ဟု NLD အရပ်သားအစိုးရလက်ထက် ဧရာ၀တီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သည့် ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပြသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် အာဏာရ NLD ပါတီအစိုးရက အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဒေါက်တာလှမြတ်သွေးကလည်း ရေကြည်မြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်၌ ထပ်မံ ရွေးကောက်ပွဲဝင်ခဲ့ပြန်သည်။ ဒီတကြိမ်တွင်လည်း အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနှင့်အတူ ဧရာ၀တီတိုင်း၌ ၃ ကြိမ်ဆက် ရွေးကောက်ပွဲ အနိုင်ရခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
သို့သော် ရွေးကောက်ပွဲအပြီး ၂ လကျော်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အရပ်သား NLD အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်။
ဧရာ၀တီတိုင်းအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းမင်းကြီး ဦးသန်းဆွေဝင်းတို့မှလွဲ၍ ဝန်ကြီးချုပ် အပါအဝင် NLD ပါတီမှ ခန့်ထားသော ဝန်ကြီးအားလုံးကို စစ်တပ်က နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူတို့ ဖြစ်သည်။ ထို့ပြင် လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစန်းထွေးတို့လည်း ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်။
NLD တိုင်းအစိုးရအဖွဲ့ အဖမ်းခံရပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဧရာ၀တီတိုင်းအစိုးရ နာမည်ဖြင့် ညွှန်ကြားစာတစ်စောင် Facebook လူမှုကွန်ရက်၌ ထွက်ပေါ်လာသည်။
စာထဲ၌ အစိုးရဝန်ထမ်းများအားလုံး ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ ပြည်သူ့အစိုးရသစ် မဖွဲ့စည်းမီအချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနှင့် ရုံးပိတ်ရက်အတွင်း ဝန်ထမ်းများ အလုပ်မဆင်းကြဖို့ ညွန်ကြားသည့်စာဖြစ်သည်။ ဝန်ကြီးချုပ် ဦးလှမိုးအောင် ကိုယ်စား ဒေါက်တာလှမြတ်သွေးက လက်မှတ်ထိုးထားသည်။
နေအိမ်အကျယ်ချုပ် ကျခံနေရသည့်ကြားမှ ထိုစာထုတ်ပြန်ခဲ့မှုကြောင့် ဒေါက်တာလှမြတ်သွေးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပုသိမ်မြို့မရဲစခန်းက အမှုဖွင့်ခဲ့သည်။ ရုံးတင် တရားစွဲဆိုခြင်းတော့ မရှိခဲ့ပေ။
စစ်ကောင်စီက ဒေါက်တာ လှမြတ်သွေးအပါအဝင် ဧရာ၀တီတိုင်းအစိုးရအဖွဲ့ကို မူလက ၎င်းတို့နေထိုင်သော ဝန်ကြီးများအိမ်ရာဝန်းအတွင်း၌ ထိမ်းသိမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ကြီးများ အိမ်ရာနှင့် ကပ်လျှက်ရှိသော ဧရာ၀တီတိုင်းလွှတ်တော်ဝန်းအတွင်းရှိ အိမ်ရာများထံ ပြောင်းရွှေ့ကာ ၂ နှစ်နီးပါး အကျယ်ချုပ်ချ ဖမ်းဆီးထားခဲ့သည်။
စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းနှင့် နှစ်လယ်ပိုင်းတွင် NLD ပါတီဝင်မဟုတ်သော အရပ်သား ပညာရှင်များဖြစ်သည့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းနှင့် စိုက်/မွေးဝန်ကြီး ဦးတင်အောင်ဝင်းတို့ကို ပြန်လွှတ်ပေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထားသော ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဝန်ကြီးများကို အချက် (၃) ချက် သဘောတူလက်မှတ်ထိုးလျှင် ပြန်လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
ယင်းအချက်များမှာ စစ်ကောင်စီပေးအပ်သည့် နိုင်ငံရေးပင်စင် ထုတ်ယူရန်၊ NUG အစိုးရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – PDF များနှင့် မပတ်သတ်ရန်၊ စစ်ကောင်စီကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါမည်ဟူသော အချက်များ ဖြစ်သည်။
NLD ပါတီကခန့်ခဲ့သော ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစန်းထွေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ လ၀ကဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကရင်ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူတို့က စစ်ကောင်စီ၏တောင်းဆိုချက်ကို လက်ခံကာ သဘောတူလက်မှတ်ထိုးခဲ့သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ၎င်းတို့အားလုံးကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီး အိမ်ပြန်ပို့ခဲ့သည်။
စစ်ကောင်စီ၏တောင်းဆိုချက် ၃ ခုစလုံးကို ပယ်ချငြင်းဆန်ခဲ့သူက ၂၀၁၂ ခုနှစ်ကတည်းက လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သူ ဒေါက်တာ လှမြတ်သွေးဖြစ်သည်။
“ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေအကုန် သဘောတူတယ်၊ လက်မှတ်ထိုးကြတယ်။ အဲတော့ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်။ ဒေါက်တာ လှမြတ်သွေးကတော့ နိုင်ငံရေးပင်စင်လည်း မထုတ်နိုင်ဘူး၊ တခြားအချက် ၂ ချက်ကိုလည်း သဘော မတူဘူး၊ လက်မှတ်မထိုးနိုင်ဘူးလို့ ငြင်းလို့ ပုသိမ်ထောင် ပို့လိုက်တာ”ဟု NLD ပါတီနှင့်နီးစပ်သည့် ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတီုင်းမ်ကို ပြောပြသည်။
၎င်းတို့တောင်းဆိုချက်ကို ငြင်းဆန်သဖြင့် စစ်ကောင်စီက ဒေါက်တာလှမြတ်သွေးကို ပုသိမ်ထောင်ပို့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ခဲ့သည့် ညွှန်ကြားစာကို အကြောင်းပြုကာ နိုင်ငံရေးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပုသိမ်ထောင်တွင်းတရားရုံးက သူမကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
“စာထုတ်တဲ့ကိစ္စက တကယ်တမ်းက ဝန်ကြီးချုပ်မှာ တာဝန်အရှိဆုံးပဲ။ သူလုပ်ရမှာ။ သူကဘာမှမလုပ်လို့ ဒေါက်တာလှမြတ်သွေးက ဖြစ်ပေါ်လာတဲ့အခြေအနေ အပေါ်မူတည်ပြီး ရတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့တယ်၊ တာဝန်ကျေခဲ့တယ်လို့ ပြောလို့ရတယ်”ဟု ပုသိမ်ခရိုင်အတွင်းမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။
လွန်ခဲ့သော ၂ နှစ်ကျော်က ပုသိမ်မြို့လယ် နာရီစင်အနီးရှိ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ လူမှုရေးဝန်ကြီးရာထူးဖြင့် ရုံးထိုင်ခဲ့သူ ဒေါက်တာလှမြတ်သွေးသည် ယခုအခါ သူမ၏ယုံကြည်ချက်၊ ခံယူချက်ကြောင့် သူမရုံးခန်းနှင့် ၂ ဖာလုံခန့်သာဝေးသော ပုသိမ်ထောင်အတွင်း၌ အကျဉ်းချခံထားရသည်။
“သူက အရင်ကတည်းက နိုင်ငံရေးအရ မာတဲ့သူ။ သူ့လုပ်ရပ်အတွက် သူဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး”ဟု ရင်းနှီးသည့် နိုင်ငံရေးမိတ်ဆွေတစ်ဦးက မှတ်ချက်ပြုသည်။
ဓာတ်ပုံ – ဧရာ၀တီတိုင်းလွှတ်တော်
#ဒေါက်တာလှမြတ်သွေး #ပုသိမ်ထောင် #လူမှုရေးဝန်ကြီး #VIPအကျဉ်းသူ #Ayeyarwaddy_Times