ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာခိုလှုံနေသည့် စစ်ဘေးရှောင် ၂၂၀၀ ကျော်ကို စစ်ကောင်စီက မတ်လ ၂၉ ရက်နေ့က ငွေကြေးအချို့ထောက်ပံ့ကာ မိမိနေရပ်များသို့ ပြန်ပို့ခဲ့ကြောင်းသိရသည်။
နေရပ်ပြန်ပို့ခံရသည့် စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့၊ သိမ်ကျောင်းစစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်း၊ မဟာမုနိစစ်ဘေးရှာင်စခန်းနှင့် နီပူခံစစ်ဘေးရှောင်စခန်းတို့မှ အိမ်ထောင်စု ၆၆၄စုလူဦးရေ ၂၂၀၀ ကျော်ရှိပြီး ၄င်းတို့ကို စစ်ကောင်စီမှငွေကျပ် ၆ သိန်းနှင့် ဆန်တချို့ကူညီထောက်ပံ့ပေးခဲ့ကာနေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။
” ဆန်ပေးတာတော့မဟုတ်ဘူး။ဆန်အတွက် လူတစ်ဦးကို ၉ထောင်နှုန်းပေးတာ။ပုဏ္ဏားကျွန်းကစစ်ဘေးရှောင်တွေလိုတော့ ပြန်ဖို့အတွက်မစီစဉ်ပေးဘူး။ထောက်ပံ့ငွေမှာ လမ်းစရိတ်ပါတပါတည်းထည့်ထားပြီးသားမို့လို့ ကိုယ့်ဘာသာကိုယ်ငှါးပြီးပြန်ရတာ။အဆောင်တွေဖြိုဖို့ကျတော့ စခန်းကော်မတီဝင်တွေကိုတာဝန်ပေးထားတယ်” ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။
လက်ရှိနေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင် တချို့မှာ နေအိမ်များ အကောင်းတိုင်းရှိနေသေးသည့်အတွက် နေရေးထိုင်ရေးအဆင်ပြေသော်လည်း တချို့စစ်ဘေးရှောင်များ၏ နေအိမ်များမှာ ပျက်စီးနေသည့်အတွက် ပြန်လည်ပြုပြင်ရန် လိုအပ်နေကြသည်။
နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်တစ်ဦးက” အိမ်က လူမနေတာကြာတော့ ဆွေးပြီးပျက်စီးနေပြီ။ လတ်တလောမှာတော့ ဖြစ်သလိုတက်နေကြပေမယ့် သိပ်ကြာကြာတော့ခံမှာမဟုတ်ဘူး။အိမ်တွေကိုပြန်လည်ပြုပြင်ဖို့လိုနေတယ်။ ပြန်ဖို့ ပေးလိုက်တဲ့ငွေပဲရှိတယ် ဒီငွေတွေနဲ့အိမ်ပြုပြင်လိုက်ရင်လည်း စားဝတ်နေရေးအခက်အခဲဖြစ်တော့မယ်။ တောတောင်ထဲကို ချက်ချင်းကြီးဝင်ပြီး အလုပ်မလုပ်ရဲသေးဘူး။မိုင်းကိုကြောက်တယ်” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် နေရပ်ပြန်ပို့လိုက်သည့်စစ်ဘေးရှောင်များအား ငွေကြေးအချို့ထောက်ပံ့ပေးလိုက်ရုံဖြင့် မျက်ကွယ်မပြုထားဘဲ၄င်းတို့ဘဝပြန်လည်ရပ်တည်ရေးအတွက် လိုအပ်နေသည့် လစ်ဟာမှုများကိုပါ ဖြည့်စွက်ကူညီပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၅၃၂ ဦးကို မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီက တအိမ်ထောင်လျှင် ငွေကျပ် ၆ သိန်းစီပေးကာ နေရပ်ပြန်ပို့ပေးခဲ့ပြီး စခန်းကိုလည်း ဖျက်သိမ်းခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီဝန်ကြီးအချို့ ရခိုင်ကစစ်ဘေးရှောင်စခန်းများအား သွားရောက်ကာ နေရပ်ပြန်ကြရန် တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့ပြီးနောက်
စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့နေခြင်းဖြစ်သည်။
#ကျောက်တော် #စစ်ဘေးရှောင်စခန်း #ဒေသခံများ #နေရပ်ပြန်ပို့ #Ayeyarwaddy_Times