ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

ရှမ်း-ကရင်နီပြည်နယ်အစပ် ပင်လောင်းမြို့ နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးကြောင်း ကရင်နီတပ်ဖွဲ့ များထံမှ သိရှိရသည်။

ပင်လောင်း၊ ထီတမောင်းတိုက်ပွဲ ၉ ရက်ကျော်ကြာ တိုက်ပွဲတွင်း စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့ စစ်အဖွဲ့တို့ဘက်မှ အထိနာ သေဆုံးမှုများပြားကြောင်း မြေပြင်တိုက်ပွဲတွင် ပါ၀င်ခဲ့သည့် တပ်ဖွဲ့၀င်အချို့မှပြောသည်။

“ရက်ရှည်တိုက်ပွဲမှာ ကျွန်တော့တို့ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပါတယ်”ဟု တပ်ဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထို့အပြင် လွယ်ဟွဲကျေးရွာ ထင်းရှူးကုန်းတွင် မတ်လ ၂၅၊ ၂၆ ရက်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဘက်မှ ၂၀ ၀န်းကျင် သေဆုံးခဲ့သည်ဟုဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှာ ရဲဘော် ၃ ဦးသေဆုံးပြီး ၁၇ ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် သေဆုံးသူများဟာ KNDF တပ်ရင်း (၁၁) မှ ရဲဘော်နှစ်ဦးနှင့် မိုးဗြဲ PDF မှ တစ်ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့အထိနာသေဆုံးမှုများသည့် အတွက်ကြောင့် စစ်ကောင်စီဘက်မှ ပင်လောင်းမြို့နယ်၊ ရှားတောမြို့ နယ်၊ ဒီးမောဆို့မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့ကို စစ်မျက်နှာများဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန်စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ကလည်း လုံးပြင်၊ တောင်မဲသင်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ် ကောင်စီတပ်ကို DMO -Local PDF နှင့်ပူးပေါင်းအဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စိဘက်မှ အထိနာသဖြင့် ဂျက်ဖိုက်တာ တိုက်လေယာဉ်များဖြင့် ၂၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စစ်တပ်က လေယာဉ်ပစ်ကူတွေနဲ့ ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံးသီးတွေနဲ့ ကြဲတာ။ ကျွန်တော်တို့က သူတို့စခန်းကို ၀င်စီးတာ။ အတော်သေတယ် သူတို့ ဘက်က။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရတဲ့သူတွေလည်း ရှိတယ်”ဟု ဒီးမောဆို့ DMO -Local PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

အလားတူ ဒီးမောဆို့မြို့နယ်အပါအ၀င် ကရင်နီပြည် နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဘက်မှ အထိနာသေဆုံးမှုများပြားများနေပြီး ဒေါတမကြီးတိုက်ပွဲတွင် စစ်တပ်မှအရာရှိအပါအ၀င် ၉၀ ကျော်သေပြီး၊ အရှင် ၇ ဦးဖမ်းဆီးရမိပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့များထံမှ သိရှိရသည်။

#ရှမ်း_ကရင်နီနယ်စပ် #စစ်ကောင်စီတပ် #အသေဆုံးများ #Ayeyarwaddy_Times