ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီလက်အောက်ခံတပ်များမှ နေ့စဉ်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွား နေကြောင်း ဒေသခံများထံက သိရသည်။

ကေအဲန်ယူအုပ်ချုပ်နယ်မြေ တပ်မဟာ(၁) ၊ သထုံခရိုင်အတွင်း စစ်ကောင်စီမှ အကြောင်းမဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်‌နေပြီး မတ်လအတွင်း လက်နက်ကြီး ထိမှန်မှု ကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် သထုံခရိုင်အတွင်းရှိဒေသခံ ရှစ် ဦး သေဆုံးခဲ့ရပြီး ၁၀ ဦးနှင့်အထက်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက် များနှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“နေ့စဉ်လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေက ရှောင်နေရတာတွေရှိတယ်။ တချို့က သူတို့ရဲ့ခြံတွေထဲမှာသွားနေကြတယ်။ တချို့က သူတို့ရဲ့ အသိမိတ်ဆွေတွေဆီမှာ သွားနေကြတာရှိတယ်။ ထောင်နဲ့သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေမျိုးတော့ မရှိသေးဘူး” ဟု ကျိုက်ထိုဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ လက်နက်ကြီးများနေ့စဉ် ကျရောက်ပေါက်ကွဲနေမှုကြောင့် ဒေသခံ အရပ်သား များ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများရှိနေပြီး စားဝတ်နေရေး ခက်ခဲမှုများ နှင့်လည်း ရင်ဆိုင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူမှထုတ် ပြန်ထားသည်။

“ဒေသခံတွေကတော့ အခုလို လက်နက်ကြီးတွေနဲ့ ပစ်နေတာကနေ စစ်ဖြစ်မှာကို စိုးရိမ်နေကြတယ်။ အဲ့ဒီနားက စစ်ကောင်စီတပ်ရင်းတွေကလည်း စစ်ဖြစ်ရင် ရွာ‌တွေကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ စစ်ဖြစ်မှာကို ကြောက်နေတယ်” ဟု ကျိုက်ထို ဒေသခံက ဆက်လက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ (၂၄) တပ်ရင်း၊ အမတ (၄၀၂) တပ်ရင်း၊ အမတ (၃၁၄) တပ်ရင်း၊ ခမရ (၂၀၇) တပ်ရင်း၊ ခလရ (၂) တပ်ရင်း၊ ခမရ (၂) တပ်ရင်း၊ အမတ (၆၀၂) တပ်ရင်း၊ အမတ (၃၁၀) တပ်ရင်းများမှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေမှုကြောင့် မတ်လအတွင်း ဒေသခံ ရှစ် ဦးသေဆုံးခဲ့ရပြီး ၁၀ ဦးနှင့်အထက်ဒဏ်ရာရရှိကာ ဒေသခံများ၏နေအိမ်နှင့် နွားတစ်ချို့ ထိခိုက်ဆုံးရှုံးမှုများ လည်းရှိကြောင်း ကေအန်ယူထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူအုပ်ချုပ်နယ်မြေတွင် အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရပြီး ၅၀၀ ကျော်ဒဏ်ရာရှိခဲ့သည်။ ထို့ပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါင်း ၈၈၂ လုံးအထိ ပျက်စီးခဲ့ရကြောင်း မတ်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ကေအဲယူက ထုတ်ပြန်ထားသည်။
#သထုံခရိုင် #လက်နက်ကြီးပစ်ခတ် #သေဆုံး #Ayeyarwaddy_Times