ဧရာဝတီတိုင်းမ််
(ချင်း)၊ မတ် ၃၀ ရက်
ချင်းပြည်နယ်-မီဇိုးရမ်နယ်စပ်တွင် အိန္ဒိယနိုင်ငံသား လူ ၃ ဦးအသတ်ခံရပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်အဝင်/အထွက်လမ်းကြောင်းတချိူ့ကို မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး မီဇိုးရမ်ပြည်နယ်၊ အရပ်ဖက်အဖွဲ့အစည်းက ရက်အကန့်သတ်မရှိပိတ်ပင်လိုက်ကြောင်းသိရသည်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မီဇိုးရမ်ပြည်နယ်၊ ဆိုင်းဟားမြို့နေထိုင်သူအမျိုးသား ၂ ဦးနှင့်အမျိုးသမီးတစ်ဦးတို့ကို မီဇိုရမ်နှင့် ချင်းပြည်နယ်နယ်စပ်၊ မြန်မာဘက်ခြမ်းတွင် အမည်မသိလူတစ်စုက သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို ၄ ရက်အကြာတွင် ပြန်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ခုလိုပိတ်ပင်လိုက်ခြင်းဖြစ်သည်။
“မီဇိုးရမ်ပြည်နယ်ဘက်က ပိတ်ပင်လိုက်တဲ့ နယ်စပ်ဂိတ်တွေဟာ မြန်မာစစ်ဘေးရှောင်တွေက အဓိကအသုံးပြုတဲ့ လမ်းကြောင်းတွေဖြစ်တယ်။ မြန်မာနိုင်ငံ၊ ပြည်တွင်းဘက်မှာ အခြေအနေမတည်ငြိမ်တော့ မီဇိုးရမ်ဘက်ကို နေ့တိုင်းလိုလိုလာရောက်ခိုလှုံသူတွေရှိတယ်။ ပြီးတော့ ကျန်းမာရေးကိစ္စရပ်တွေ အရေးကြုံလာပြီဆိုရင် မီဇိုးရမ်ဘက်ကို လာရောက်ကုသကြတယ်။ ဒါကြောင့် မြန်မာစစ်ဘေးရှောင်တွေ အခက်အခဲကြီးကြီးမားမားရင်ဆိုင်ကြုံနိုင်ပါတယ်။ လူသတ်မှုနဲ့ပတ်သက်ပြီး အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပြီးတော့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်´´လို့ လောင်တလိုင်မြို့၊ မြန်မာစစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါနယ်စပ်လမ်းကြောင်းတို့ကို ပိတ်ပင်မှုကြောင့် မီဇိုးရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်နေကြသော မြန်မာနိုင်ငံသားအပေါ် ရိုက်ခတ်မှုရှိလာပြီး အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နိုင်ကြောင်းမြန်မာစစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ Young Lai Association Bualpui(NG) Sub- Headquarters က Archhuang၊ Tial dawngilung၊ Vawmbuk နှင့် Niawtlang နယ်စပ်လမ်းကြောင်းတို့ကို ပိတ်ပင်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဘက်က လိုက်နာခြင်းမရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
“ဒီဖြစ်စဥ်မှာ မြန်မာဘက်ခြမ်းက တော်လှန်ရေးအင်အားစုတချို့ ပါဝင်ပတ်သက်နေတယ်လို့ မီဇိုးရမ်ပြည်သူတွေက ထင်နေတယ်ပေါ့နော်။ ဒါကြောင့် အခုလို နယ်စပ်လမ်းကြောင်းတွေ ပိတ်ပင်လိုက်တာပါ။ မီဇိုးရမ်မှာရှိတဲ့ မြန်မာစစ်ဘေးရှောင်တွေအပေါ်မှာလည်း ယခင်ထက် တင်းကြပ်တဲ့ စည်းမျဥ်း/စည်းကမ်းတွေ ပိုမိုလုပ်ဆောင်လာလိမ့်မယ်လို့ မြင်တယ်။ အဓိကအခက်အခဲကြုံတွေ့ရမှာကတော့ ဒို့မြန်မာပြည်သူတွေပါပဲ´´လို့ အိုင်းဇော်မြို့နေ မြန်မာစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောဆိုသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာဒေသန္တရအစိုးရနှင့် တရားဥပဒေစိုးမိုးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ တရားနည်းလမ်းကျသော ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကို အလေးအနက်ထောက်ထခံကြောင်းမတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အလားတူCDF မင်းတပ်ကလည်းပြင်းပြင်းထန်ထန်ရှုပ်ချပြီး လူသတ်အကြမ်းဖက်မှုသည် CDF မင်းတပ်နှင့် (လုံးဝ) ပတ်သက်ဆက်နွယ်မှုမရှိသလို အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများကို ကူညီပံ့ပိုးရန် အသင့်ရှိကြောင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – ချင်းဂျာနယ်
#ချင်းပြည်နယ် #မီဇိုးရမ်ပြည်နယ် #နယ်စပ် #လူသုံးဦးအသတ်ခံရ #နယ်စပ်လမ်းကြောင်းပိတ်ပင်
#Ayeyarwaddy_Times