နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ချေမှုန်းမည် ပြောလိုက်၊ အပစ်ရပ်မည်ပြောလိုက် နှင့် ဗလောင်းဗလဲနိုင်သူဖြစ်ပြီး တဖြေးဖြေး စစ်ရာဇဝတ်နွံထဲကနေ ရုန်းထွက်မရဖြစ်ကာ မထူးဇတ်ခင်းနေကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ (EROs)က တုံ့ပြန်ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက် နေ့က နေပြည်တော်တွင်ပြုလုပ်သည့် တော်လှန်ရေးနေ့တွင် NUG နှင့် PDF တို့ကို ပံ့ပိုးပေးနေသည့် EROs အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်၏ ပြောဆိုခဲ့မှုအပေါ် ကရင် အမျိုးသား အစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယခုကဲ့သို့ တုံ့ပြန် ပြော ဆိုခဲ့သည်။

“ပြောရမယ်ဆိုရင် ဒီလိုဗလောင်းဗလဲ နိုင်လှတဲ့ လူတစ်ယောက်စကားကိုတော့ ကျွန်တော်တို့ အတည်ပြုဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ နေ့တစ်မျိုးပြောလိုက်၊ ညတစ်မျိုးပြောလိုက် တောက်လျှောက်ပဲလေ။ ကျွန်တော်တို့အနေနဲ့ ဘာတွေ့နေရ သလဲဆိုရင် ကျွန်တော်တို့ကို ချေမှုန်းဖို့ပြောလိုက်၊ ခဏလေးကြာရင် ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေးလုပ်မယ်၊ ငြိမ်းချမ်းရေး လုပ်မယ်ပြောလိုက် ဒါတောက်လျှောက် ပြောနေတဲ့ ကိစ္စလေ။ ဖင်တစ်မျိုး၊ ခေါင်းတစ်မျိုးနဲ့ ဒီလိုလူစားမျိုးကို ကျွန်တော်တို့ ဘယ်လိုမှ အတည်ပြု ပြောလို့မရဘူး” ဟု ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ထိုဒေသများကို နယ်မြေရှင်းလင်းရေးများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

“ကျွန်တော်တို့မြင်တာကတော့ သူတို့က တဖြေးတဖြေးနဲ့ စစ်ရာဇဝတ်နွံထဲကို လုံး ဝမရုန်းထွက်နိုင်​တော့ဘဲ မထူးဇတ်ခင်းနေတဲ့ အနေအထားပဲ ရှိပါတယ်။ ကျွန်တော်တို့ အတွက် ဘာမှအထူးအဆန်းတော့ မရှိပါဘူး။ ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ် သွားမှာပါ။ ဘာလို့လည်းဆိုတော့ စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ ဘယ်လိုမှ လက်မခံတော့တဲ့အပေါ်မှာ ကျွန်တော်တို့ မူဝါဒအပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ ဆက်လက်တွန်းအားပေးသွားမယ်။ အခြားအဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ လက်ချင်းချိတ် ပြီး ဒီအာဏာရှင်စနစ် လုံးဝပြုတ်ထွက်သွားအောင်လို့ ဆက်လက်ကြိုးစားသွားပါ့မယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစော​တောနီးက ပြောသည်။

စစ်ခေါင်းဆောင် ယခုကဲ့သို့ မပြောခင်ကတည်းက စစ်ရေးအရှိန် မြှင့်မည်ဆိုခြင်းကို တော်လှန်ရေးအင်အားစုများဘက်က ကြိုတင်သုံးသပ်ထားကြောင်း၊ စစ်ခေါင်းဆောင် သည် ၎င်း၏အာဏာတည်မြဲရေးအတွက် အောက်ခြေကို ပြန်မကြည့်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အခုက စစ်သား(စစ်ကောင်စီတပ်သား)တင် မကတော့ဘူး။ စစ်သမီးတွေပါ ခေါ်ထားရတဲ့ အနေအထား ပေါ့နော်။ အချို့နေရာတွေမှာ ကျွန်တော်တို့ ကြားရသလောက်ဆိုရင် သက်ကြီးရွယ်အို တွေ၊ ကလေးသူငယ်တွေတောင် မဖြစ်မနေ ခေါ်သုံးနေရတဲ့ အနေအထားမျိုး ရောက်နေတဲ့အချိန်မှာ သူ(မအလ) ကတော့ ဒီလူ(တပ်ဖွဲ့ဝင်တွေ)တွေကို သူတို့(စကစ) အာဏာတည်မြဲရေးအတွက် သေချင်သလောက် သေပေါ့နော်။ သူတို့(စကစ) သား သမီးတွေလည်း ပါတာမဟုတ်ဘူး။ ဒီပုံစံမျိုးနဲ့ပဲ ဆက်သွားမယ် ထင်ပါတယ်။ ပြည်သူတွေ အထိနာမှာကိုပဲ ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

စစ်ခေါင်းဆောင်၏ ပြောစကားနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ ဗဟိုကော်မတီ၏ သတ်မှတ်ချက်များ၊ သဘောထားထုတ်ပြန်ချက်များ မကျလာသေးကြောင်းနှင့် ထိုကိစ္စကို လည်း အထက်ကိုတင်ပြထားကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ -KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဒီပြောစကားဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ တော်လှန်ရေး အင်အားစု တွေကို မလေးမစား၊ မထင်မျက်မြင် ပြုလိုက်တဲ့သဘောလို့ပဲ ကျွန်တော်အရင်ဦးဆုံး သုံးသပ်ချင်တယ်။ ဒါဘာလည်းဆိုတော့ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ ဖက်ဒရယ် အရေး၊ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို သူ့(မအလ)အနေနဲ့ မပေးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကိုလည်း ဆိုလိုတာပါ။ ဒုတိယအချက်က တပ်တွင်းထဲမှာလည်း မင်းအောင်လှိုင် ကိုယ်တိုင်ကအစ ကြောက်စိတ်တွေ ဝင်နေပြီလို့တော့ မြင်တယ်” ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌသည် ၎င်းစိတ်ကြိုက် အကောင်အထည်ဖော်ထားသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

“ဒီသဘောက သူ(မအလ) စစ်အာဏာသိမ်းပြီးကတည်းက စဉ်းစားထားတဲ့ လုပ်ငန်းစဉ် ငါး ရပ်ပေါ့နော်။ အဲဒါကို အပြည့်အဝ အကောင်အထည်ဖော်သွားမယ်။ အကောင် အထည်ဖော်ဖို့အတွက် အခုကျန်နေတဲ့ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ ကျင်းပဖို့ အတွက် သာမန်အခြေအနေ မဖြစ်အောင် ဖန်တီးတယ်လို့ သူ(မအလ) ယူဆထားတဲ့ အစုအဖွဲ့အကုန်လုံးကို နှိမ်နင်းသွားမယ်။ ရှင်းသွားမယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်လို့ နားလည်ရပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

#စစ်ခေါင်းဆောင် #ဗလောင်းဗလဲ #စစ်ရာဇဝတ်နွံ့ #ရုန်းထွက်မရ #မထူးဇာတ်ခင်း #EROs #NUG #Ayeyarwaddy_Times

……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…