ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က မီးကို အလှည့်ကျစနစ်နဲ့ပေးပြီး မီးပေးတဲ့ အချိန် မမှန်တာကြောင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲတွေဖြစ်ပေါ်နေတယ် လို့သိရပါတယ်။
မီးပေးချိန်မှာ အလှည့်ကျစနစ်နဲ့ ၆ နာရီခြား ရပ်ကွက်တွေကို ပေးမယ်လို့ ကြေညာထားပေမယ့် မီးလာချိန်မှာ မမှန်သလို လာတဲ့အချိန်မှာလည်း အချိန်ပြည့်မရတာကြောင့် အသေးစား အလတ်စားလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေတာလို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
“ ခုမ မီးလာရင် ဘုရားတနေရတယ်၊ အလုပ်လုပ်နေတုန်း မီးမပြတ်ပါစေနဲ့ဆိုပြီးတော့၊ မီးလာနေရင်း အလုပ်လုပ်ကတာအဆင်ပြေတယ်၊ ပြီးတော့ ကိုယ်ဆီလာလုပ်တဲ့သူကို ဈေးတောင်းရတာလည်း အဆင်ပြေတယ်၊ မီးပြတ်ရင် မိတ္တူလာကူတဲ့သူကိုတောင် ဈေးတောင်ရတယ် အားနာတယ်၊ ဆီဈေးကလည်း ကြီးနေတော့ ဘယ်လိုမှမကိုက်ဘူး”လို့ ကွန်ပျူတာ မိတ္တဆိုင်ဖွင့်ထားသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မီးပြတ်ချိန်များလာပြီး မီးလာချိန်မမှန်တာကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာ မီးစက်အသုံးပြုပြီး လုပ်ကိုင်ချိန်မှာလည်း ပုံမှန်ထက် ကုန်ကျစရိတ် နှစ်ဆနည်းပါးဖြစ်နေတာကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။
“ မီးလာချိန်ကလည်း မမှန်ဘူး၊ အဲ့တာကြောင့် ထမင်းအိုး ဟင်းအိုးတည်ဖိုတောင် မီးလာတဲ့အချိန် ထလုပ်နေရတယ်၊ မီးက မနက်ပိုင်း ၄ နာရီလာရင် အဲ့အချိန်ထလုပ်ရတယ်၊ နေ့လည်ပိုင်း လာရင်တော့ မလုပ်ရဲသလောက်ပဲ လာတာနဲ့တန်းတည်ရင်တော့အဆင်ပြေတယ်၊ မီးနဲ့တည်ရတာက အဆင်ပြေတယ်၊ ဒီတိုင်းချက်တာက မီးအန္တရာယ်ကလည်း ရှိသေးတော့ သိပ်မလုပ်ချင်ဘူး၊ မီးလာချိန်ကိုပဲ မှီအောင်လိုက်လုပ် နေရတော့ လူက အိပ်ချိန်နည်းပြီး ကျန်းမာရေးပါ ထိခိုက်လာတယ်”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့မှာ မီးပြတ်ချိန်များပြီး မီးလာချိန်မမှန်ပေမယ့် မီတာခဆောင်ရတာတော့ အာဏာသိမ်းစစ်တပ် လက်ထက်မှာ အရင်ကထက် မီတာခဆောင်ရတာ ၂ ဆနီးပါးမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။