ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၂၆ ရက်နေ့က ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံခဲ့ရပြီးနောက်ပိုင်း သေဆုံးခဲ့တာကြောင့် စစ်ကောင်စီတပ်က မြို့ကို လုံခြုံရေးတင်ကြပ်ထားသလို ဒေသခံလူငယ်တချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆိပ်မူကျေးရွာအနီး ဆိုင်းတောင်ရပ်ကွက် ချောင်းအနီးမှာ ဆိပ်မူရဲစခန်းက ဒုရဲအုပ် ညီညီထက်အောင်ကို ဒေသခံကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြထားတာတွေ့ရပါတယ်။

“ အဲ့ညကဖြစ်သွားတာတော့ ဟုတ်တယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ် တစ်ဦးနဲ့ PDF တစ်ဦး သေသွားတာ၊ ခုတော့ အသွားအလာအရမ်းစစ်ဆေးနေတယ်၊ မြို့ဝင်ထွက်ဂိတ်မှာပိုတင်းကြပ်ထားတယ်လို့ လာတဲ့ ကားသမားတွေက ပြောတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းသတင်းမီဒီယာတွေ ဖော်ပြတဲ့အထဲမှာတော့ ဆိုင်းတောင်၊ အမှတ် (၄) ရပ်ကွက်၊ ဘဇံချောင်းအနီး အိမ်စီးကားနဲ့လာတဲ့ ဒုရဲအုပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သွားရောက်ပစ်ခတ်ချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ကျေးရွာထဲဝင်ပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့ သလို ဒေသခံ လူငယ် ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times