ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၂၉ ရက်

ချင်းပြည်နယ်၊ မတူပီမြို့သို့ လက်နက်ခဲယမ်းအပါအဝင် ရိက္ခာတင်ပို့လာသော စစ်ကောင် စီယာဥ်တန်း ၃၅ စီးသည် မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အမိန့်ဖီဆန်ကာ မင်းတပ်မြို့မှ ကျောက်ထုမြို့ အမြောက်တပ်ထဲသို့ နောက်ကြောင်း ပြန်လှည့်သွား ကြောင်း CDF-မင်းတပ်ထံက သိရသည်။

ပခုက္ကူမြို့မှ မင်းတပ်-မတူပီဘက်သို့ တက်လာသော စစ်ကောင်စီယာဥ်တန်း ၈၅ စီးအနက် ယာဥ်တန်း ၃၅ စီးသည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က မင်းတပ်-မတူပီဘက်သို့ ထွက်ခွာလာခဲ့ပြီး ယာဥ်တန်းတချို့မှာ ထီးလင်း-ဂန့်ဂေါဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်းသိရသည်။

“ထွက်လာတဲ့ ယာဥ်တန်း ၃၅ စီးဟာ မင်းတပ်-မတူပီ နဲ့ ပလက်ဝဘက်က သူတို့တပ် (စစ်ကောင်စီတပ်)တွေကို တပ်ချိန်းဖို့အပါအဝင် ထောက်ပို့ ဖို့အတွက်လည်း အရေးကြီး တယ်။ ဒါပေမယ့် မင်းတပ်မြို့ကို ဖြတ်ရမှာ ကြောက်ရွံ့နေပြီး မင်းတပ်ကနေ လှည့် ပြန်နေတာ ကြည့်ရင် အမိန့်မနာခံမှု၊ အာဏာဖီဆန်မှုတွေ အောက်ခြေမှာ ရှိနေပြီလို့ သုံးသပ်ပါတယ်။ CDF-မင်းတပ်နဲ့ CDF-မတူပီတို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှု ခဏခဏ ကြုံရပြီး နောက်ပိုင်း မင်းတပ်မြို့ကနေ လည့်ပြန်တာဆိုရင် ခုအကြိမ်နှင့်ပါ နှစ် ကြိမ်ရှိ နေပြီ” ဟု CDF-မင်းတပ်သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထီးလင်း-ဂန့်ဂေါဘက်သို့ ထွက်ခွာသွားသည့် ယာဥ်တန်းမှာမူ ယောဒေသအဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိနာနေပြီး ထိခိုက် သေဆုံးမှုနှင့် ယာဥ်တချို့ပျက်စီးမှုများ ကြုံတွေ့ခဲ့ကြောင်း CDF-မင်းတပ်၏ ပြောကြား ချက်အရ သိရသည်။

အလားတူ မင်းတပ်မြို့သို့ ထွက်လာသော ယာဥ်တန်းကို ယောဒေသခံအဖွဲ့အချို့နှင့် CDF-မင်းတပ်တို့က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး သူနှင့် ဒဏ်ရာရရှိသူများပြီး ယာဥ် နှစ် စီးပျက်စီးခဲ့ကြောင်းသိရသည်။

“ခါတိုင်းဆိုရင် မင်းတပ်-မတူပီလမ်းဟာ မတူပီ၊ ပလက်ဝဘက်ကို ရိက္ခာထောက်ပို့ လမ်းအဖြစ် စစ်ကောင်စီက အသုံးပြုနေကျပါ။ အခုလည်း မတူပီဘက်ကို ဆက်ထွက်ဖို့ ရည်ရွယ်ထားကြပေမယ့် မင်းတပ်နဲ့ မတူပီမြို့ကြား ကားလမ်းကို ဖြတ်သွားရမှာကို စစ်ကောင်စီ ယာဥ်တန်းက ကြောက်နေတာ။ မင်းတပ်၊ မတူပီလမ်းဟာ စစ်ကောင်စီတွေရဲ့ သေမင်းတမန် လမ်းလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်” ဟု CDF-မင်းတပ် သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ တာဝန်ခံက ဆိုသည်။

ယခင်က မင်းတပ်မြို့တွင် နယ်မြေခံတပ်ရင်း ခလရ (၂၇၄) ရှိသော်လည်း လက်ရှိတွင် စစ်ဒေသမှူးအဆင့်ရှိသည့် ဗိုလ်မှူးကြီးရာထူးယူထားသူ ရုံးထိုင်နေပြီး အင်အားအများ အပြား ချထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

#ချင်းပြည်နယ် #မင်းတပ် #မတူပီ #စစ်ယာဥ်တန်း #တိုက်ခိုက်ခံရ #သေဆုံးသူများပြား #အမိန့်ဖီဆန် #ယာဥ်တန်းနောက်ကြောင်းပြန်လှည့်