ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

ဧရာဝတီတိုင်း သာပေါင်းမြို့နယ် လှေကြီးတက် ကျေးရွာမှာ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အမျိုးသမီး တစ်ဦး တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

လှေကြီးတက်ကျေးရွာ သုံးမိုင်က သီဟိုဠ်ခြံ အတွင်းမှာ သီဟိုဠ်စေ့ ကောက်ယူနေတဲ့ မိသားစု ၃ ဦးကို တောဆင်ရိုင်းက လိုက်လံ တိုက်ခိုက်ခဲ့ရာမှာ အဆိုပါ အမျိုးသမီး ဆင်နင်းခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တစ်ဦးက“သူတို့က ခြံလုပ်သားတွေပါ၊ တောဆင်ရိုင်းက ခြံထဲကို ဝင်လာပြီး အရင်ဆုံး တဲတစ်လုံးကို အရင်ဖျက်တယ်။ နောက် သူတို့ကို တွေ့သွားပြီး လိုက်တာ လူငယ်တွေက ပြေးလွတ်ပေ့မယ့် အဲ့ဒီ အမျိုးသမီးက အသက် ၅၁ နှစ်ဆိုတော့ မပြေးနိုင်ဘဲ ဆင်က နင်းသတ်သွားတာ”လို့ ဧရာဝတီတိုင်းမ် ကို ပြောပြပါတယ်။

ဆင်နင်းခံရပြီး သေဆုံးသူမှာ အသက် ၅၁ နှစ်အရွယ်ရှိ လှေကြီးတက် ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ရီရီတင် ဆိုသူဖြစ်ပြီး သီဟိုဠ်ခြံမှာ လုပ်ကိုင်နေသူ တစ်ဦး ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က သာပေါင်းမြို့နယ် ပျဉ်းမထုံး ကျေးရွာအုပ်စု၊ ခုနှစ်ပင်တောမှာ ထင်းခုတ်သွားတဲ့ ဦးချိုဌေး ဆိုသူလည်း တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့ကြောင်း၊ မတ်လ အတွင်း ဆင်ကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။

သာပေါင်းမြို့နယ်မှာ ဆင်သတ် မုဆိုးတွေ လက်ချက်နဲ့ မတ်လအတွင်း တောဆင်ရိုင်း ၃ ကောင် သေဆုံးခဲ့ပြီး၊ တောဆင်ရိုင်းတွေဟာ ဆင်သတ် မုဆိုးတွေကြောင့် တောထဲမှာ မနေရဲတော့ဘဲ တောအစပ်တွေနဲ့ ကျေးရွာတွေ အနီးမှာ အစာ ရှာလာပြီးနောက်ပိုင်း ဒေသခံတွေနဲ့ တွေ့ရင် အသက်အန္တရာယ် ပေးတာမျိုးတွေ ပြုလုပ်လာခြင်း ဖြစ်တယ် လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

#သာပေါင်းမြို့နယ်မှာ #အမျိုးသမီးတစ်ဦး
#တောဆင်ရိုင်းအနင်းခံရပြီးသေဆုံး
#Ayeyarwaddy_Times

……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…